By Western News/ 2022 January 18

ရခိုင်ပြည်နယ် မြို့နယ်အချို့မှာ အခြေခံပညာသင်ကျောင်းများနှင့် ကျေးရွာအချို့တွင် အာရက္ခနိုင်ငံတော်အလံ လွှင့်ထူးမှုများကို ယခင်သီတင်းပတ်လောက်မှ စ၍ လွှင့်ထူလာသည်ကိုတွေ့ရှိရသည်။
ယင်းအလံလွှင့်ထူမှုများသည် ယခင်သီတင်းပတ်လောက်မှ စတင်၍ လွှင့်ထူမှုများရှိလာခြင်းဖြစ်ပြီး အခြေခံပညာသင်ကျောင်းနှင့် ဘုန်းတော်ကြီးများ၊ ကျေးရွာများတွင် လွှင့်ထူထားခြင်းများဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ် မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် တွေ့ရှိရသည်။
ရသေ့တောင်မြို့နယ် အခြေခံမှုလတန်းကျောင်းတစ်ကျောင်းတွင် အာရက္ခနိုင်ငံတော်အလံ လွှင့်ထူထားပြီး ကျောင်းတက်၊ ကျောင်းဆင်းတိုင်း ရခိုင်နိုင်ငံတော်သီချင်းကို သီဆိုကြောင်း မှုလတန်းပြဆရာမတစ်ဦးက Western News ကိုပြောသည်။
“ပုံမှန်ဆိုရင် မနက်တိုင်းကျောင်းမှာ ရခိုင်နိုင်ငံတော်သီချင်းကို ကျောင်းမှာပြိုင်တူသီဆိုကြပါတယ်။ ဒါက ကျောင်းတက်၊ ကျောင်းဆင်း လုပ်နေကြအလုပ်ပါ။ သိပ်ထူးဆန်းတာလဲ မဟုတ်ဘူး။ ပြီးတော့ သမီးတို့ကျောင်းမှာလည်း အာရက္ခနိုင်ငံတော်အလံ လွှင့်ထူထားတာကြာပါပြီ။ အခုမှ မဟုတ်ပါဘူး။ သမီးတို့ကလည်း အတင်းအဓမ္မ တိုက်တွန်းတာလည်းမဟုတ်ဘူး။ ကျောင်းသားတွေက သူ့တို့ဘာသာ သူတို့ဆိုကြတာပါ” ဟုပြောသည်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့ဖြစ်ကြသည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်များတွင် AA က ဩဇာအာဏာသက်ရောက်မှုရှိပြီး ထိန်းချုပ်နိုင်သည်ဟုဆိုသော်လည်း တစ်ဖက်တွင် စစ်ကောင်စီတပ်များက နယ်မြေလှုပ်ရှား သွားလာမှုများရှိနေသည်။
ယခင်လများနှင့်နည်းတူ ယခုရက်ပိုင်းများတွင်လည်း စစ်ကောင်စီတပ်သားများသည် ပေါက်တော်မြို့နယ်က ကျေးရွာအချို့ကို လှည့်လည်၍ သွားရောက်မှုရှိသကဲ့သို့ AAနှင့် အဆက်အသွယ်မလုပ်ဖို့ ကျေးရွာသားများကို စစ်ကောင်စီတပ်သားများက သတိပေးပြောဆိုခဲ့မှုများရှိကြောင်း ကျေးရွာတာဝန်ခံများကပြောသည်။
ယင်းအပြင် ဇန်နဝါရီ ၁၇ ရက်နေ့ ကလည်း စစ်ကောင်စီ တပ်သားများသည် ကျောက်တော်မြို့နယ် မြောက်ပိုင်း ပီထုကျေးရွာအနီးဝန်းကျင် ရန်ကုန်- စစ်တွေ ကားလမ်းတစ်လျှောက်တွင် စစ်ရေးလှုပ်ရှားမှုရှိ၍ AAနှင့် နှစ်ဖက် စစ်ရေးတင်းမာမှုများရှိခဲ့သည်။
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ကိုမောင်သိန်းထွန်းက ”တစ်ခါတစ်လေ AA ရဲ့လှုပ်ရှားနေတာတွေကို အားမရပါဘူး။ စစ်ရဲ့သဘောကို နားမလည်ပေမယ့် သက်ရောက်မှုအပိုင်းကို ကျနော်တို့ ခံစားရပါတယ်။ ကျနော်တို့ကိုယ့်ပြည်ကို ပြန်ရမှ နေရပ်ကို ပြန်ချင်တယ်။ အခုပြန်လည်း တိုက်ပွဲဖြစ်ရင် ပြန်ပြေးလာရပြီ။ သားသမီးတွေကို ပညာသင်ခွင့်ရချင်တယ်။ အဲ့ဒါကြောင့် AAကို အားကိုးတယ်။ ယုံလည်းယုံကြည်တယ်။ ကျနော်တို့ ဖြစ်ချင်တဲ့ဆန္ဒက ရခိုင်ပြည်မှာ အာရက္ခအလံ လွှမ်းမိုတာကိုမြင်ချင်တယ်။ ဒါပါပဲ” ဟုဆိုသည်။
ယင်းကဲ့သို့ ရခိုင်ပြည်နယ် မြို့နယ်အချို့နှင့် အခြေခံပညာသင်ကျောင်းများတွင် အာရက္ခနိုင်ငံတော်အလံ လွှင့်ထူထားလာမှုအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည် အခုရပ်ပိုင်းအတွင်း ပျံ့နှံလာသည်ကိုတွေ့ရှိရသည်။
ယင်းကဲ့သို့ အလံလွှင့်ထူလာမှုအပေါ် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည် မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “ဩဇာ သက်ရောက်မှုဆိုသည်မှု လူထုရဲ့ ယုံကြည်မှု လူထုရဲ့ထောက်ခံမှုကအရေးကြီးပါတယ်။ ဩဇာသက်ရောက်မှုဆိုတာကတော့ တရားစီရင်ထားတွေ၊ အုပ်စိုးထားတာတွေရှိမယ်။ ဒါက သူတို့ တည်ဆောက်တဲ့အပိုင်း။ ပြည်သူတွေယုံကြည်မှု အားပေးထောက်ခံမှုကလည်းအရေးကြီးပါတယ်။ ULA/AA ကတော့ခါ အာရက္ခအလံတော်ကို ထောင်ရမယ်။ တပ်တော်ရဲ့အလံကို ထောင်ရမယ်လို့ဖိအားပေးတာတွေ၊ တောင်းဆိုတာတွေ ပြည်သူလူထုတွေကို နားချတာတွေ အဲ့လိုမျိုးတော့မရှိဘူး။ ဒါက ကျနော်တို့သိရသလောက်ပဲ။ ပြည်သူတွေကတော့ သူ့တို့သဘောဆန္ဒအရကတော့ တင်ချင်လာကြတယ်ဆိုတဲ့ ယုံကြည်မှု၊ အားပေးမှု၊ ထောက်ခံမှုတွေကတော့ ဒီလိုဖြစ်လာကြတယ်”ဆိုသည်။
https://www.facebook.com/westernnewsagency/posts/449054536901056