ရခိုင်ပြည်တွင် နွေစပါးစိုက်ပျိုးရန် ရေအခက်အခဲရှိနေ

By Development Media Group (DMG)/ 2022 January 18

ရခိုင်ပြည်နယ်တွင် နွေစပါးကို တွင်ကျယ်စွာစိုက်ပျိုးနိုင်ရန် ရေအခက်အခဲရှိနေသဖြင့် လယ်သမားများမှ အစိုးရ၏အကူအညီကို လိုအပ်နေကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

နွေစပါးစိုက်ပျိုးရန် ဆည်မြောင်းတမံနည်းပါးသည့်အပြင် စပါး စျေးမကောင်းခြင်း၊ စိုက်ပျိုးကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် နွေစပါးကို ရခိုင်ပြည်တွင် တွင်ကျယ်စွာစိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီဝင် ဦးမျိုးမင်းအောင်ကပြောသည်။

“အဓိကပြဿနာက ရေကြောင့်လို့ထင်တယ်။ ကျောက်တော်မှာဆို ဆည်ရှိပေမယ့် သောက်သုံးရေအဖြစ်ပဲ အသုံးပြုတဲ့အတွက် စိုက်ပျိုးရေရရှိမှုနည်းတယ်။ ရေရရှိဖို့အတွက်ဆိုရင် အစိုးရက အဓိကလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ချောင်းရေ၊ မြစ်ရေတွေကိုတင်သုံးပြီးတော့ စိုက်ပျိုးမယ်ဆိုရင်လည်း လယ်သမားတွေမှာ တွက်ခြေမကိုက်ဘူး။ အဲဒီလိုကုန်ကျစရိတ်တွေများလာတဲ့အတွက် လယ်သမားတွေမှာ တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးမှုပိုနည်းလာတယ်“ ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က နွေစပါးဧက ၄၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက ၄၀၀ နီးပါးသာ စိုက်ပျိုးနိုင်ကြောင်း ဦးမျိုးမင်းအောင်က ဆက်လက်ပြောကြားသည်။

နွေစပါးစိုက်ပျိုးရန် မြစ်ချောင်းများမှ ရေကို အသုံးပြုစိုက်ပျိုးနိုင်သော်လည်း လုပ်အားခကုန်ကျစရိတ်၊ စက်သုံးဆီစရိတ်တို့မှာ ဈေးနှုန်းမြင့်မားသဖြင့် အကျိုးအမြတ်မရရှိသောကြောင့် နွေစပါးစိုက်ပျိုးသူ လျော့နည်းလာကြောင်း လယ်သမားများထံမှသိရသည်။

ကျောက်တော်မြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်သည့် ဧကတစ်သိန်းခန့်ရှိသော်လည်း အစိုးရ၏ရေပေးဝေမှုအပြင် အခြားစိုက်ပျိုးရေးလုပ်ငန်းခွင် အသုံးပြုမည့်အစီအစဉ်များကို အကူအညီမရသဖြင့် လယ်ယာလုပ်ငန်းခွင်ကို တွင်ကျယ်စွာလုပ်ကိုင်နိုင်ခြင်းမရှိကြောင်း လယ်သမား ဦးအောင်ကျော်မြကဆိုသည်။

ယင်းအပြင် စစ်ကောင်စီလက်ထက်တွင် မြေဆီနှင့် မြေသြဇာဈေးနှုန်းမှာ ယခင်ထက်ဈေးနှုန်းလေးဆနီးပါး မြင့်တက်လာသဖြင့် လယ်သမားများမှာ အခက်အခဲနှင့်ကြုံနေရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကျနော်တို့ဒေသမှာ ၂၀၁၇ ခုနှစ်က ဧက ၃၀၀ လောက် စပါးစိုက်ကြတယ်။ ဒီနောက်ပိုင်းမှာတော့  စိုက်ပျိုးတာနည်းသွားတယ်။ ရခိုင်ပြည်နယ်မှာ နွေစပါးစိုက်ပျိုးဖို့အတွက် လယ်ဧကတွေအများကြီးရှိတယ်။ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်ဖို့ဆိုရင် ဒီလယ်မြေတွေကို နှစ်စဉ်စိုက်ပျိုးဖို့လိုအပ်တယ်။ ပစ်ထားလို့မရဘူး။ အစိုးရက ရှေ့ဆောင်လမ်းပြပြီး ကူညီပေးဖို့လိုအပ်တယ်။ လယ်ယာလုပ်ငန်းကို အဓိကအားကိုးအားထား လုပ်ကိုင်နေသူတွေကို နည်းပညာပိုင်းတွေပါ ကူညီပေးဖို့လိုအပ်ပါတယ်“ဟု ၎င်းကဆိုသည်။

နွေစပါးစိုက်ပျိုးမှုအောင်မြင်ပါက လယ်သမားများအနေဖြင့် ဝင်ငွေအပိုရရှိမည်ဖြစ်ကာ ဒေသခံပြည်သူများမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးနေသူ ဦးမောင်ထွီးကပြောသည်။

“ဒီနှစ်တော့ နွေစပါးဧက ၈၀ လောက်စိုက်ထားတယ်။ ကျနော်တို့ရခိုင်မှာက နွေစပါးစိုက်ပျိုးတာမရှိသလောက် နည်းတယ်။ မြစ်ရေတင်စီမံကိန်းဆိုလည်း မရှိသလောက်ပဲ။ ဆည်မြောင်းတွေ ရှိပေမယ့် အဲဒီရေကိုအသုံးမချတတ်ကြဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် နွေစပါးစိုက်ပျိုးရန် ဧက ၈ သိန်းခွဲရှိပြီး ကျောက်တော်၊ သံတွဲ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင် စသည့်မြို့နယ်များတွင် စိုက်ပျိုးရေမရရှိသဖြင့် နွေစပါးကိုမစိုက်ပျိုးကြကြောင်း လယ်သမားများထံမှသိရသည်။

ရခိုင်ပြည်နယ်တွင် သိုင်းချောင်းရေလှောင်တမံ ၊ ငပလီရေလှောင်တမံ၊ ခမီးကြိမ်ချောင်းရေလှောင်တမံ အပါအဝင် ဆည်နှင့်ရေလှောင်တမံ ၁၀ ခုကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

https://www.facebook.com/dmgnewsagency/posts/2205086132977119

Leave a Reply

Your email address will not be published.