ရခိုင်နှင်းခဲပျော်ချိန်တွင် စစ်ကောင်စီက ရက္ခိတများ၏ နားမျက်စိများအား ဖောက်ထုတ်ရန် ကြိုးပမ်းခြင်

By Western News/ 2022 January 7

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ပထမဆုံးလုပ်ဆောင်သည့် ပြည်သူနှင့်တိုက်ရိုက်ဆက်စပ်မှုမှာ အင်တာနက်အမှောင်ချလိုက်ပြီး ဆက်သွယ်ရေးများ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ နောက်ပြီး ပြည်တွင်းရှိ သတင်းဌာနတချို့ကို လုပ်ပိုင်ခွင့်များအား ပိတ်ပင်တားဆီးလိုက်ခြင်းဖြစ်သည်။

ယင်းမှစလာသည့် ပြည်သူများ၏ သိမြင်ကြားပိုင်ခွင့်ကို ချိုးဖောက်လာသော စစ်ကောင်စီသည် သူရဲဘောဆန်ဆန် လက်နက်အားကိုးနှင့် လိုရာဆွဲသုံး မတရားဥပဒေများဖြင့် သတင်းမီဒီယာသမားများကို ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်လာသည်။

စစ်အာဏာသိမ်းအပြီး စစ်ကောင်စီက သတင်းဌာန ၉ ခုကိုလည်း ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခဲ့သည်။ ယင်းအပြင် ဖမ်းဆီးခံရသည့် သတင်းသမား ၁၀၀ကျော်ရှိခဲ့ပြီး ယင်းအထဲမှ သတင်းသမား ၅၆ ယောက်သာ ပြန်လည်လွတ်မြောက်လာခဲ့သည်။

လက်ရှိတွင်သတင်းသမား အယောက် ၅၀ ခန့် အကျဉ်းထောင်အသီးသီးတွင် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

သတင်းမီဒီယာများအပေါ် ပြည်သူဆီက အာဏာကို လုယူထားသော အာဏာရှင်များသည် ၊ ပစ်မှတ်အဖြစ်ထားလာသည်မှာ ယနေ့ခေတ် စစ်ကောင်စီလက်ထက်တစ်ခုတည်းတွင် မဟုတ်ဘဲ မြန်မာပြည်တွင်းစစ်ပေါ်ပေါက်စဉ်ကတည်းက ရှိနေခြင်းဖြစ်သည်။

အထူးသဖြင့် သတင်းသမားများနှင့် သတင်းလုပ်ငန်းများပေါ်တွင် အာဏာရှင်များ မုန်းတီးမှုကို ဆန်းစစ်ကြည့်လျှင် သိနှင့်ထားသည်အတိုင်း ၊ ယင်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်ဖြစ်သည်။ ယင်းအခြေနေတွင် မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူရခိုင်ဘက်စစ်အေးတိုက်ပွဲ၊ စကစနှင့် ရက္ခိုင့်တပ်တော်အားပြိုင်မှုသည်လည်း၊ ၂၀၁၈-၁၉ ရခိုင်စစ်ရေးတွင် AA ၏ ဖြိုခွင်းချေမှုန်းခြင်းကို ခံထားရသော စစ်ကောင်စီအတွက် နောက်ကျောမလုံရသည့် ကာလဟုဆိုနိုင်သည်။

မြန်မာပြည်အရပ်ရပ်မှ အာဏာရှင်မလိုလားသည့် ပြည်သူများ၏ ပုန်ကန်မှုကိုခံနေရသော စစ်ကောင်စီအဖို့ ရခိုင်ဒေသ၏ ခေတ္တတည်ငြိမ်နေမှုသည် ရတတ်ပွေစရာတစ်ခုဟုယူဆရဖွယ်ရှိသည်။ ထိုကြောင့် အာဏာရှင်များ၏ အာဏာကိုအဓွန့်ရှည်စေသည့် ဒေါက်တိုင်များ၏ ပုံစံလာအတိုင်း ရခိုင်ဒေသတွင် လူမျိုးရေး အရေးခင်းများဖန်တီးလိုသည့် သင်္ကာမကင်းဖွယ်ဖြစ်လာသည်။

ထိုသို့ယူဆရအောင်လည်း ပြီးခဲ့သည်လက ရခိုင်ပြည်တစ်ဝှမ်းတွင် လူမျိုးတစ်ခုနှင့် တစ်ခုကြားအနေနီးသည့် အရပ်ဒေသများတွင် ပြည်သူ့အကျိုးစီးပွါးဖျက်စီးမှုများ လက်သည်တရားခံ မပေါ်ပေါက်ပဲဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းက ဘူးသီးတောင်မြို့နယ် ကန္ဒားမွတ်ဆလင်ရွာတွင် စပါးကောက်လိုင်းစည်း ၇၀၀ ခန့်မီးရှို့ဖျက်စီးခံခဲ့ရသည်။

ယင်းအပြင် မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းခြွီလှည့်စက် ၂ လုံး မီးရှို့ခံရမှု၊ မြောက်ဦးမြို့နယ်၊ လောင်းကြက်ရွာအနီး ရိတ်သိမ်းပြီး စုပုံထားသော စပါးစည်းများ မီးရှို့ခံရမှု၊ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာအနီး ရခိုင်အမျိုးသမီး တစ်ဦးအား မွတ်ဆလင်၂ ဦးမှ မုဒိမ်းပြု ကျင့်ရန်ကြံစည်မှု၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရမှု၊ ကျောက်ဖြူမြို့နယ်၊ စည်မော် ကျေးရွာတွင် ရိတ်သိမ်းပြီး စပါးများ မီးရှို့ခံရမှု စသည့်ဖြစ်စဉ်များဖြစ်ခဲ့သည်။

ယင်းဖြစ်စဉ်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်စဉ်တစ်ခုနှင့်တစ်ခု ရက်အနည်းငယ်ကွာ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်သည် အခြားတစ်ဘက်တွင် စစ်ကောင်စီနှင့်အပေါင်းပါများက မောင်တောဒေသတွင် တစ်ဘက်နိုင်ငံမှ နေရပ်ပြန်လာသည့် ဒုက္ခသည်များအားလက်ခံမည့် မရေရာသည့် စီမံကိန်းများအား ကြည့်ရှုနေသည့် အချိန်လည်းဖြစ်သည်။ ယင်းအပြင် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကြားဖြတ်အစီရင်ခံစာ တင်သွင်းရမည့်အချိန်နှင့်လည်းနီးကပ်နေပြီဖြစ်သည်။

သို့သော် ယင်းသို့ပဋိပက္ခကိုစေ့ဆော်သည့် ဖြစ်ရပ်များသည် ၊ ရက္ခိုင့်တပ်တော်၏ ပြည်သူများအပေါ် လက်ဦးစွာ အသိပေးနိုးကြားစာထုတ်ပြန်ချက်များကြောင့် စဉ်းစားဆင်ခြင်နိုင်ခဲ့ကြသလို ပြည်သူများ၏ နားမျက်စိတာဝန်ကို ထမ်းဆောင်ထားကြသည့် ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာများကြောင့်လည်း မှုခင်းသဖွယ်သာ ရှုမြင်ခဲ့ကြပြီး ထောင်ချောက်တစ်ခုဟု အသိမြင်ခဲ့ကြသည်။

ဤအရာများသည်ပင်လျှင် စစ်ကောင်စီအဖို့၊ ရခိုင်အခြေစိုက် သတင်းမီဒီယာများအပေါ် စောင့်ကြည့်အနှောက်အယှက်ပေးရန်မဟုတ်ဘဲ ရခိုင်စစ်ပွဲများပြင်းထန်သည့်ကာလကလည်း ဒေသတွင်းမီဒီယာများနှင့်သတင်းအချက်ပံ့ပိုးသည့် ပြည်သူများကြောင့် သတင်းမီဒီယာသည် ရန်သူတစ်ခုသဖွယ်ဖြစ်လာသည်။ ထိုကြောင့် အင်တာနက်များဖြတ်တောက်ခံရကာ အမှောင်နေ့ရက်များကို ရခိုင်ပြည်သူတို့ ထိတွေ့နေခဲ့ရသည်။

ထိုကြောင်း သတင်းမီဒီယာများအပေါ် မည်သို့ခြိမ်းခြောက်သည်ဖြစ်စေ၊ Western News သတင်းဌာနသည် ရခိုင်ဒေသ နှင်းခဲပျော်ချိန်တွင် ဝံလက်ငှက်များပျံဝဲသည်ကို စောင့်ကြည့်ရန်၊ ရခိုင်ပြည်သူများအတွက် ဆက်လက်ပြီး နားမျက်စိတာဝန်ကို ထမ်းရွက်သွားမည်ဖြစ်ပေသည်။

အယ်ဒီတာ့အာဘော်

https://www.facebook.com/westernnewsagency/posts/442420007564509

Leave a Reply

Your email address will not be published.