By Narinjara/ 2022 January 8
သဥ္ဇာနွယ်
ရခိုင်ပြည်နယ်တွင် ၂ဝ၂၁ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁၂ဝ ကျော်သေဆုံးခဲ့ပြီး ၂ဝ၂ဝ ထက် သေဆုံးသူများပြားလာသည်ဟု အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရခိုင်)မှ သိရသည်။
ရခိုင်တွင် ၂ဝ၂ဝ ပြည့်နှစ်က ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၁၂၁ ဦးသေဆုံးခဲ့သော်လည်း ၂ဝ၂၁ ခုနှစ်တွင် သေဆုံးသူ ၁၂၃ ဦးအထိရှိခဲ့သည့်အတွက် သေဆုံးသူတိုးလာကြောင်း အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရခိုင်)မှ ဒု-တပ်ဖွဲ့ခွဲမှူးမြတ်မိုးကျော်သူက နိရဥ္စရာကိုပြောသည်။
“ယာဉ်တိုက်မှုက အရင်နှစ်ကထက်စာရင် လျော့လာပေမယ့် သေဆုံးသူဦးရေကတော့ တိုးလာတယ်။ အဓိကတော့ ယာဉ်စည်းကမ်းတွေလိုက်နာစေချင်ပါတယ်။ ပြည်သူတွေလည်း ပူးပေါင်းပေးဖို့လိုအပ်တယ်”ဟု ပြောသည်။
၂ဝ၂၁ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၂၃ ဦးနှင့် ဒဏ်ရာရရှိသူ ၂၈၇ ဦးအထိရှိခဲ့သည်ဟု သိရသည်။
ယာဉ်တိုက်မှုအများဆုံးဖြစ်သောမြို့နယ်မှာ သံတွဲမြို့နယ်ဖြစ်ပြီး တစ်နှစ်အတွင်း သေဆုံးသူ ၂၇ ဦးသေဆုံးပြီး ၅၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုအဖြစ်အများဆုံးအချိန်မှာ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်းဖြစ်ပြီး သောက်စားမူးယစ်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်မှုများကြောင့်ဖြစ်သည်ဟုလည်း သိရသည်။
သံတွဲမြို့ခံ ကိုကျော်သန်းလှိုင်က “ကျနော်တို့ဆီမှာ ယာဉ်နဲ့ပတ်သက်ပြီးတော့ ပညာပေးဖို့တော့ နည်းနည်းလိုနေပါတယ်။ ယာဉ်လမ်းကြောင်းမသိတဲ့လူများတယ်။ အလယ်မျဉ်းတွေကို မကျော်ရဘူးဆိုတာ မသိတဲ့လူများပါတယ်။ အဓိက ပညာပေးဖို့လိုပါတယ်။ ပြီးတော့ ညဘက်တွေဆို အလုပ်သမားတွေက အလုပ်ကပြန်ရင် သောက်တာတွေကများတယ်။ မူးပြီးမောင်းကြတာပေါ့။ ကျနော်ပြောချင်တာက မူးရင်မမောင်းနဲ့လို့ပဲ ပြောချင်ပါတယ်”ဟု ပြောသည်။
ယာဉ်မတော်တဆမှုများအနက် ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းမှုအားနည်းခြင်းကြောင့် သေဆုံး၊ ဒဏ်ရာရမှုများပြားသည်ဟု သိရသည်။
ရခိုင်တွင် ၂ဝ၁၉ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၄၄ ဦးအထိရှိခဲ့သည်ဟုလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/5074867879191915