By Western News/ 2022 January 10
ရခိုင်တွင် ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ မြို့နယ်အလိုက် ကိုဗစ်ပိုးတွေ့ရှိမှုမရှိခဲ့သော်လည်း ယခုဇန်နဝါရီလအတွင်းတွင် ကိုဗစ်ပိုး ထပ်တွေ့ရှိမှုရှိလာခဲ့သည်။
ဇန်နဝါရီလ ၈ ရက်နေ့ စစ်တွေ၌ လူ ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည်။ ထိုကိုဗစ်ပိုးတွေ့သူများမှာ ခရီးသွားမည့်သူများဖြစ်ပြီး မသွားမီ ကိုဗစ်စစ်ဆေးမှုပြုလုပ်ရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်းဖြစ်စဉ်အတွင်း ယခင်ဖြစ်ပွားခဲ့သည့် ဒုတိယလှိုင်းထက် သေဆုံးသူနှင့် ကိုဗစ်ဖြစ်ပွားသူဦးရေ ပိုများခဲ့ပြီး ထိုအထဲမှ စစ်တွေမှာ ကိုဗစ်ဖြင့်သေဆူံးသူ ဇန်နဝါရီ ၈ ရက်နေ့အထိ ၇၄ ဦးရှိနေပြီး သေဆုံးမှုအများဆုံးမြို့နယ်တစ်ခုဖြစ်သည်။
စစ်တွေမှာ ကိုဗစ်ဖြင့်သေဆုံးသူဦးရေ အများဆုံးဖြစ်သော်လည်း ကိုဗစ်ဖြစ်ပွားသူဦးရေမှာ ဂွမြို့နယ်ထက်နည်းပါးခဲ့သည်။ ဂွမြို့နယ်မှာ ကိုဗစ်ပိုးတွေ့ဦးရေ ၁၁၄၀ ဦးဖြင့် ရခိုင်တွင် ပိုးတွေ့ဦးရေအများဆုံးမြို့နယ်တစ်ခုဖြစ်သည်။
ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိမှူမှာ ယခင်ထက်လျော့နည်းလာသော်လည်း ကိုဗစ်ဖြစ်ပွားမှုမှာ လက်ရှိအချိန်ထိ ဆက်ရှိနေဆဲဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့အထိ ပိုးတွေ့ဦးရေ ၅၂၂၀ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အချက်လက်များအရသိရသည်။
https://www.facebook.com/westernnewsagency/posts/444232140716629