By Voice Of Westland/ 2022 January 25

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုမှ မသန်စွမ်းသူ ၁၀၀ ကျော်အတွက်အားပြုကိရိယာပစ္စည်းများကို လာမည့်ဖေဖော်ဝါရီလအတွင်းပေးအပ်သွားမည်ဟု ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံး ဥက္ကဌ ဦးလှမြင့်က VOW ကိုပြောသည်။
အဆိုပါမြို့နယ်သုံးခုမှာ ကျောက်တော်၊ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့ဖြစ်ပြီး အားပြုကိရိယာပစ္စည်း မရှိမဖြစ်လိုအပ်နေသည့် မသန်စွမ်းသူ ၁၀၀ ကျော်အတွက် ဝှီးချဲ၊ချိုင်းထောက်၊လမ်းလျှောက်တုတ်ကောက် စသည့် မသန်စွမ်းအားပြုကိရိယာပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်းသူက ပြောသည်။
“ဒီနှစ် ပရိုဂျက်ထဲမှာပါဝင်တာကတော့ ၇ မြို့နယ်ပေါ့။အဲဒီအထဲကမှ မြို့နယ်သုံးခုက အားပြုကိရိယာပစ္စည်းမရှိမဖြစ်လိုအပ်နေတဲ့ လူတွေအတွက်အားပြုကိရိယာပစ္စည်းတွေပေးအပ်သွားမယ်။ တခြားကျန်တဲ့မြို့နယ်တွေကိုတော့ မသန်စွမ်းအခွင့်အရေးတွေ၊ဥပဒေထဲမှာ ပါတဲ့ဟာတွေကို အသိပညာပေးသင်တန်းတွေ ပြုလုပ်သွားဖို့ရှိပါတယ်”ဟု ဦးလှမြင့်က ပြောသည်။
ယခင်နှစ်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC နှင့် ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံးတို့ ပူးပေါင်းကာ ပေါက်တော၊မင်းပြား၊ ဘူးသီးတောင်၊မောင်တောနှင့်ရသေ့တောင်မြို့နယ်တို့တွင် ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး မင်းပြားမြို့နယ်မှ မသန်စွမ်းသူ ၉၆ ဦးအတွက် အားပြုကိရိယာပစ္စည်းများကို ပေးအပ်နိုင်ခဲ့ကြောင်းသူကပြောသည်။
ယခုနှစ်တွင် ကျောက်တော်နှင့်မြေပုံနှစ်မြို့နယ်တိုး၍ စာရင်းကောက်ယူခဲ့ပြီး ကျောက်တော်၊ရသေ့တောင်၊ မင်းပြားမြို့နယ်တို့က မသန်စွမ်းသူတစ်ရာကျော်အတွက် အားပြုကိရိယာပစ္စည်းများကိုပေးအပ်သွားမည်ဖြစ် ကြောင်း ဦးလှမြင့်ကပြောသည်။
“ICRC နဲ့ ကျွန်တော်တို့ ပါတနာရှစ်လုပ်ပြီးတော့ ပြီးခဲ့တဲ့နှစ်က မြို့နယ်ငါးခုမှာစာရင်းကောက်တယ်။ အမှန်တကယ် မရှိမဖြစ်လိုအပ်နေတဲ့ လူတွေအတွက်မသန်စွမ်းအားပြုကိရိယာပစ္စည်းတွေ ထောက်ပံံ့ခဲ့တယ်။ အရင်နှစ်ကတော့မင်းပြားမြို့နယ်မှာ ပေးနိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ ကျောက်တော်၊ရသေ့တောင်၊မင်းပြား မြို့နယ်တွေမှာ ပေးအပ်သွားမယ်။တချို့ကဆေးကုသဖို့အကူအညီတောင်းတာတွေလည်းရှိတယ်။ဒါတွေ ကိုတော့ နောက်ပိုင်းမှာကျွန်တော်တို့စဉ်းစားသွားမယ်”ဟု ဦးလှမြင့်ကပြောသည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ မသန်စွမ်းသူဦးရေ ၁၁၂၀၀၀ ကျော်ရှိပြီး၊၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ ၅၀၅၅၀၃ ဦးရှိခဲ့ကြောင်းသိရသည်။
ရက္ခိုင့်တပ်တော် အေအေနှင့် မြန်မာစစ်တပ်တို့ နှစ်ဘက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလကစပြီး ယခုလက်ရှိနှစ်ဘက်အပစ်အခတ်ရပ်နားထားသော ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိသေနတ်ထိမှန်ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူများ၊စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးခဲ့ရသူများလည်း ရခိုင်ပြည်နယ်တွင် အများအပြားရှိနေဆဲဖြစ်သည်။
ရခိုင်မှာ မသန်စွမ်းသူများအတွက် ဘဝရပ်တည်ရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းတစ်ခု မရှိမဖြစ်လိုအပ်နေသည့်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှတဆင့် နိုင်ငံတော်ကိုတင်ပြ၍ အဆိုပါသင်တန်း ကျောင်းတစ်ခု ဖွင့်လှစ်ပေးစေချင်သည်ဟု သူကပြောသည်။
လက်ရှိစစ်ကောင်စီအစိုးရအနေဖြင့် ရခိုင်ရှိမသန်စွမ်းသူများ၏ အရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပူးပေါင်း ဆောင်ရွက်မှုမရှိသေးကြောင်း ဦးလှမြင့်ထံမှ သိရသည်။