ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ရေနေသတ္တဝါများ ရှားပါးလာဟုဆို

By Narinjara/ 2022 January 20

ထက်အောင်

ရခိုင်ကမ်းရိုးတမ်းတစ်လျှောက် ရေနေသတ္တဝါများ တစ်စတစ်စနှင့် ရှားပါးလာနေကြောင်း ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားဆောင်ရွက်နေသူများက ပြောသည်။

ထိုကဲ့သို့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် သားငါး၊ ပုစွန်များ ရှားပါးလာရခြင်းမှာ ရေထုညစ်ညမ်းမှုများလာခြင်း၊ ဒီရေတောများ ပျက်စီးပြုန်းတီးလာခြင်းနှင့် ငါးဖမ်းလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေသူများကြောင့်ဟု အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောသည်။

“အဓိကတော့ ၂၀၁၈ ခုနှစ်ကစပြီးတော့ ရေထုညစ်ညမ်းမှုကနေစပြီး သားငါးသယံဇာတတွေ ရှားပါးလာတာ အခုအချိန်ထိ မထိန်းသိမ်းနိုင်သေးဘူး” ဟု ပြောသည်။

သားငါးများဖမ်းဆီးပြီး အသက်မွေးဝမ်းကျောင်းပြုနေရသည့် ကျေးလက်နေလူထုများတွင်လည်း ပုံမှန်အားဖြင့် တစ်ရက်ရှာ၍ ငါးအကောင် (၁၀)ခန့်ရသည့် ငါးအမျိုးအစားများသည် လက်ရှိတွင် ၃ ကောင်ခန့်သာ ရှာဖွေရရှိကြောင်း အမ်းမြို့နယ်၊ ရေကောင်းချိန်ကျေးရွာမှ ငါးရှာအသက်မွေးဝမ်းကျောင်းပြုနေရသည့် ကိုမျိုးမင်းသိန်းက ပြောသည်။

“ငါးရှာပြီးစားရတာက အရင်တုန်းကနဲ့စာရင် ရှားပါးလာပါပြီ။ ကျေးလက်နေပြည်သူတွေဆိုရင် သားငါး၊ ပုစွန်တွေ ရှာလို့မရဘဲ စားဝတ်နေရေးအခက်အခဲတွေ့တယ်။ နိုင်ငံခြားသွားဖို့ စိတ်ကူးပေမယ့်လည်း ဟိုကတစ်မျိုး ဒီကတစ်မျိုးနဲ့ အဆင်မပြေဘူး။ သားငါးပုစွန်တွေလည်း ရှားလာတော့ လုံးဝအဆင်မပြေပါဘူး” ဟု ပြောသည်။

ထို့ကဲ့သို့ သားငါးပုစွန်များ ရှားပါးလာခြင်းကို ကာကွယ်မည်ဆိုလျှင် ဒီရေတောများကို ထိန်းသိမ်းရန်လိုပြီး ရေထုညစ်ညမ်းမှုများမဖြစ်အောင်ကာကွယ်နိုင်ရန်လိုသည်ဟု ကိုမျိုးလွင်က ထောက်ပြသည်။

ယင်းအပြင် သားငါးပုစွန်များ ပေါက်ပွားချိန်တွင် အလွန်အကျွံဖမ်းဆီခြင်းများကို အတိုင်းအတာတစ်ခုထိ ကန့်သတ်ရန်လိုအပ်သည်လည်း ဆိုသည်။

“အဓိကတော့ ငါးဖမ်းလုပ်ငန်းတွေလုပ်တဲ့ ကုမ္ပဏီတွေကို တရားဝင်လုပ်ပိုင်ခွင့်ရနေတာကတော့ မြန်မာနိုင်ငံအစိုးရမှာ တာဝန်ရှိတယ်လို့ ပြောလို့ရပါတယ်။ သူတို့ကပဲ ထိန်းချုပ်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒေသခံတွေသိနိုင်ဖို့အတွက်လည်း တိကျပြတ်သားပြီး ရှင်းလင်းတဲ့ မူဝါဒတွေချပြဖို့ လိုပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သားငါးပုစွန်များကို သတ်မှတ်ထားသည်ထက် ကျော်လွန်၍ ရှာဖွေဖမ်းဆီးလျှင် အစိုးရကအရေးယူသည့် ဥပဒေများရှိပြီး ပင်လယ်ငါးလုပ်ငန်းဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပဒေနှင့် ဒေသဆိုင်ရာ ရေချိုငါးလုပ်ငန်းဥပဒေများဖြင့် အရေးယူကြောင်း ပြောသည်။

“ငါးအလွန်အကျွံဖမ်းတဲ့ဟာတွေ၊ ပိုက်ကွန်တွေကို သတ်မှတ်တဲ့အတိုင်းအတာမကျော်ဖို့၊ စိစစ်တာကတော့ ငါးလုပ်ငန်းဦးစီးဌာနက လုပ်ပါတယ်။ ကုမ္ပဏီတွေကို ငါးဖမ်းခွင့်ပေးတာက ငါတို့ရခိုင်က ပေးတာမဟုတ်ဘူး။ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနက ပေးတာ။ သတ်မှတ်တဲ့ရာသီမှာ ဖမ်းရမယ်လို့ သတိပေးပြီးသားဖြစ်ပါလျက်၊ မိုးရာသီမှာ ငါးမဖမ်းရဘူးလို့ သတ်မှတ်ထားပါလျက်နဲ့ ဖမ်းတယ်ဆိုရင် အဲဒါကိုသိရင် ငါးလုပ်ငန်းဦးစီးဌာနက ငါးတစ်ရာသီဖမ်းခွင့်ပိတ်တာတို့ လုပ်တယ်။ တရားရုံးမှာ တရားစွဲတာတို့လုပ်တယ်”ဟု ပြောသည်။

ရခိုင်ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းအကြီးအကျယ်လုပ်ကိုင်နေကြသူများကို မည်ကဲ့သို့ တားမြစ်ကန့်သတ်ထားသည်ကိုသိလို၍ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအား ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

https://www.facebook.com/narinjara.info/posts/5120900314588671

Leave a Reply

Your email address will not be published.