By Western News/ 2022 January 20
ဤဆောင်းပါတွင် လူတို့၏ စိတ်ဆန္ဒဖြစ်လိုခြင်း သီအိုရီ၊ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာမှုနှင့် ရခိုင်လူထု၏ လွတ်လပ်လိုစိတ်၊ လူတိုင်း၏ ရိုးရှင်းသော မျှော်လင့်ချက်၊ AA ချမှတ်သော လမ်းစဉ်၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲက ရခိုင်တို့၏ အားသာချက်တို့ကို သုံးသပ် ရေးသားထားသည်။
နိဒါန်း
ကမ္ဘာပေါ်တွင် မတူ ကွဲပြားသည့် အဖွဲ့အစည်းများမှ မျိုးနွယ်စုများအပေါ် အာဏာပိုင်တို့ အုပ်ချုပ်ပုံစနစ် မညီမျှလျှင် သို့မဟုတ် ဖိနှိပ်အုပ်ချုပ်ထားခြင်းခံရသော နိုင်ငံများထဲတွင် တော်လှန်ရေး တစ်ရပ်မှာ မဖြစ်မနေ ပေါ်ပေါက်လာတတ်ကြသည်။ ထို့ကြောင့် ကွဲပြား ဆန့်ကျင်ခြင်းဆိုင်ရာ သီအိုရီများတွင် အချို့သော လူအုပ်စုက တခြားသော လူအုပ်စုအပေါ် လက်နက်အားကိုး လွှမ်းမိုးမှုသည် သတိထားရမည့် အဓိက အချက်တခုလည်း ဖြစ်နိုင်သည်။
ထိုအထဲတွင် ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒဖြင့် ဖြစ်လိုခြင်း သီအိုရီများက လွတ်လပ်သည့် တိုင်းပြည် တည်ထောင်ဖို့ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် သဘောတူကြခြင်းပင်ဖြစ်သည်။ ယင်းကြောင့် အင်အားကြီး အုပ်စုတစ်ခုက တခြားအုပ်စုများအပေါ် ဖိနှိပ်မှု အချိန်ကြာလာသည်နှင့်အမျှ တချို့သော စစ်ပွဲများသည် နိုင်ငံသို့မဟုတ် တိုင်းပြည်သစ်တခု ဖြစ်ပေါ်ခြင်းအတွက် အထောက်အပံ့ဖြစ်ပေါ် စေသည်။
စိတ်ဆန္ဒဖြင့် ဖြစ်လိုခြင်းဆိုင်ရာ သီအိုရီ
ယင်းကြောင့် စိတ်ဆန္ဒဖြင့် ဖြစ်လိုခြင်းတို့ အနက် ရခိုင်တို့အတွက် ယခု ကာလများတွင် စွဲမြဲသော အိပ်မက်တခုကလည်း ကြီးထွားလာနေသည်။ ကျေးလက် မြို့ပြမကျန် စစ်ဘေးရှောင်စ ခန်း ထဲမှ ကျောင်းနေအရွယ်ကလေးအစ၊ လူလတ်ပိုင်းများနှင့် သက်ကြီး ရွယ်အိုအားလုံးတို့မှာ ထိုအိပ်မက်အကြောင်းကိုသာ အာရုံစိုက်နေတော့သည်။
စာရေးသူမှာ စစ်ဘေးရှောင်နေရသည့် ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာမှ ဒုတိယတန်း ကျောင်းသားလေး တယောက်ကို ဘယ်နေ့ရွာကို ပြန်နိုင်မယ်လို့ ထင်လဲလို့ မေးခွန်းထုတ်ရာတွင် ကိုယ့်ပြည်ကိုရလျှင်ပြန် နိုင်မယ်ဟု ဆိုသည်။
တခြား သက်ကြီးရွယ်အိုများကို မေးကြည့်တော့လည်း ကိုယ့်ပြည်ပြန်ရတဲ့ အချိန် ပြန်နိုင်မယ်ဟုသာ ပြောဆို ကြသည်။ ဘာကြောင့် ဘယ်လိုဖြစ်လာမည်ကို သူတို့ မသိကြပေ။ သို့သော် ဒီစကားကို ဘာလို့ ပြောရသနည်းဟု မေးခွန်း ထုတ်လိုက်သည့် ယခုအခါ ငါတို့မှာ AA ရှိနေပြီဟု အဖြေတခုကိုသာ တညီတညွတ်တည်း ပေးကြသည်။
သူတို့၏ အဖြေမှာ အဆင့်မြင့်လွန်းလှခြင်း၊ ခက်ခဲစေသည့် စိတ်ကူးယဉ် အိပ်မက်မျှသာဟု လူတိုင်းက ထင်မြင်ချက်ပေးနိုင်သည်။ သို့သော်လည်း ရခိုင့်မျိုးဆက်သစ်မှ အစ သက်ကြီးပိုင်း အထိ စိတ်ထဲတွင် လက်ခံထားသည်မှာ ရခိုင်တို့၏ လက်နက်ကိုင် တော်လှန်ရေးမှာ ကိုယ့်ပြည်ကိုယ်ရရှိရေး အတွက်ဆိုသည့် အချက်မှာ သံမှိုစွဲသလို နစ်ဝင်နေပြီးဖြစ်သည်။
တော်လှန်ရေး ဖြစ်တည်မှု
အချုပ်အခြာအာဏာပိုင် နိုင်ငံတခုတွင် အဓိက ကျသည့် အင်္ဂါရပ်တခုမှာ ကာကွယ်ရေးပင်ဖြစ်သည်။ ယင်းကြောင့် ကျူးကျော်လာမည့် ပြည်ပရန်နှင့် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်တပ်တရပ် ရှိကို ရှိရမည်။ သို့သော် တခြားနိုင်ငံသို့မဟုတ် ဒေသ၊ မျိုးနွယ်စုတခုက ကိုယ့်နိုင်ငံကို သိမ်းပိုက်ပြီး အုပ်ချုပ်နေချိန်မှာ ယင်းဒေသနှင့် သက်ဆိုင်သည့် စစ်တပ်မရှိသည့် အချိန်သာဖြစ်သည်။
ယင်းကာလများတွင် နိုင်ငံ သို့မဟုတ် ပြည်၊ ဒေသ အတွင်း မိမိနိုင်ငံနှင့် နိုင်ငံသားများ ကို ကာကွယ်ဖို့ စစ်တပ် တည်ဆောက်ကြသည်မှာ ဓမ္မတာပင်ဖြင်သည်။ ထိုအခြင်းအရာများကို ထောက်ရှုကာ ရခိုင်တွင် တရား နည်းလမ်း ကျကျ ရခိုင်စစ်တပ်ရှိမှ ဖြစ်မည်ဟု ကြွေးကြော်သံဖြင့် ရက္ခိုင့်တပ်တော် (AA) ပေါ်ပေါက်လာသည်။
ထို့အပြင် အိုမင်းဟောင်းနွမ်းနေသော လူ့ဘောင်တခုနှင့် မဆီလျှော်တော့သည့် အယူအဆ စံနှုန်းများကို ဖြိုဖျက်ချပစ်ရန် AA ခေါင်းဆောင်တို့ကလည်း ရခိုင့် လူ့ဘောင်သစ် အဖွဲ့အစည်းအတွက် တော်လှန်ရေးတရပ်ကို မဖြစ်မနေ ဆင်နွှဲနေကြောင်း နားလည်နိုင်သည်။
ယင်းတော်လှန်ရေးမှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများ၏ နိုင်ငံရေးယဉ်ကျေးမှုနှင့် နိုင်ငံရေးရေချိန် အပေါ်မူတည်ပြီး အနိမ့်အမြင့် အတက်အကျ လှုပ်ရှားလာနေတတ်သည်။ ယခုအချိန် AA သည် ရခိုင်တော်လှန်ရေး၏ အဓိကရန်သူကို လက်တွေ့ကျကျ ပစ်မှတ် (target) ထားကာ အဆင့်လိုက် မဟာဗျူဟာ များ တည်ဆောက်ပြီး ချဉ်းကပ် ပုံတွေကို တွေ့နေရသည်။
လက်နက်ရှိမှ လူရာဝင်
AA ၏ နိုင်ငံရေး ရည်မှန်းချက်မှာ တခြား လက်နက်ကိုင်အင်အားစုများ ပြောရိုးပြောစဉ်ဖြစ်သော ဒီမိုကရေစီ၊ ပြည်ထောင်စု၊ ဖက်ဒရယ်၊ ပင်လုံ ကတိကဝတ်များ ဆိုသော စကားလုံးများ မပါရှိပေ။ AA ၏ မူလ ရည်မှန်းချက်ဖြစ်သော အမျိုးသားအရေး အချုပ်အခြာအာဏာကိုသာ အခြေတည်ထားသည်။
မိမိလက်ထဲတွင် လက်နက်မရှိလျှင် ဘာမှ လုပ်လို့မရ ဆိုသည့် သင်ခန်းစာနှင့်၊ လက်နက်ဖြင့် ထိန်းချုပ်ထား သည့် ပါဝါအမာခဲကို လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်မှ နိုင်ငံရေး စေ့စပ်ဆွေးနွေးမှုမျိုး၊ ရင်ကြားစေ့မှုမျိုး လုပ်နိုင်မည်ဟု လည်း AA က သဘောပေါက်ထားသည်။
မြန်မာ့ နိုင်ငံရေးခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က AA သည် အတိတ်သမိုင်းတွင် ထင်ရှားခဲ့သည့် ရခိုင့်ဘုရင့်နိုင်ငံတော် ပေါ်ပေါက်ရေးမျှော်မှန်းချက်ဖြင့် ပြည်နယ် လွတ်လပ်ရေးရဖို့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၂၀၁၉ ဒီဇင်ဘာလက(၁၀) ရက်နေ့က နိုင်ငံတကာ ICJ တရားရုံး၊ ကမ္ဘာ့စင်မြင့်ထက်တွင် တရားဝင်ပြောဆိုခဲ့သည်။
ရက္ခိုင့်တပ်တော် (AA) ချပြသောလမ်း
ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်သူတို့ကို ချပြထားသည်မှာ ရက္ခိတလမ်းစဉ်ဟု လူသိများသည်။ ရက္ခိတလမ်းစဉ်ဆိုသည်မှာ ရခိုင်တို့၏ အဆင့်မြင့် အိပ်မက်တခု ဖြစ်သလို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲသော်လည်း ဆုံးရှုံးသွားသည့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိရေး ဆိုသည့် နိုင်ငံရေး ပန်းတိုင်ဟု သဘောပေါက်ရမည်။ ယင်းကြောင့် ရက္ခိတလမ်းစဉ်မှာ ရခိုင်တို့ လွတ်မြောက်ရေးအတွက် လူတိုင်းတွင် တာဝန်ရှိကြောင်း ခံယူနေကြသည်။
ထို့ကြောင့် AA ခင်းပေးသည့် လမ်းစဉ်ကို ရခိုင်ပြည်သူ လူထုတရပ်လုံးက ဒုက္ခမျိုးစုံကို အံကြိတ်ခံကာ လိုက်ပါနေကြသည်ကို တွေ့နေရသည်။ နောက်ထပ်ဖြန့်ကြည့်သော် AA မှာ ဖက်ဒရယ်လစ်ဝါဒီများ ဖက်ဒရယ်ဒီမိုကရေစီ၊ ဒီမိုကရေစီဖက်ဒရယ် တန်းတူအခွင့်အရေးဟု တောင်းဆိုမှုနှင့် ရှုပ်ထွေးနေကြစဉ် အနိမ့်ဆုံး ကွန်ဖက်ဒရိတ်ဟု အသံထွက်ထားသည်။
ထို့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် NUG ဒီမိုကရေစီ အင်အားစုများက သူတို့နှင့် ပူးပေါင်းရန် AA အား ကမ်းလှမ်းမှုများရှိခဲ့သော်လည်း NUG၏ နိုင်ငံရေးမျှော်မှန်းချက်ကို လေးစား တန်ဖိုး ထားကြောင်းနှင့် ၎င်းတို့အပေါ် တတ်နိုင်သလောက် ကူညီပေးမှုတို့ရှိသော်လည်း AA အနေဖြင့် မူလရပ်တည်ချက် ရက္ခိတလမ်းစဉ်အတိုင်းသာ သွားမည်ဟု ပြောဆိုထားသည်။
ဝေဝါးခဲ့သည့် ရခိုင့်နိုင်ငံရေး
ရခိုင့်ဘုရင့် နိုင်ငံတော် ပျက်သုဉ်းပြီး နောက်ပိုင်း ရခိုင်တွင် များစွာသော အမျိုးသားရေး လှုပ်ရှားမှုများ တော်လှန်ရေးများ ပေါ်ထွက်ခဲ့ကြသည်။ ဗမာပြည်အတွင်း ကွန်မြူနစ်ဆိုလျှင် ရခိုင်တွင်လည်း ကွန်မြူနစ်၊ ဒီမိုကရေစီဆိုလျှင်လည်း ရခိုင်တွင် ဒီမိုကရေစီလမ်းကြောင်းကို ဗမာတို့နှင့် ပူးတွဲကာ အရေးအခင်းတိုင်းတွင် ရခိုင်များလည်း လိုက်ပါပူးပေါင်းခဲ့ကြသည်။ သို့သော်လည်း နောက်မြီးဆွဲအဆင့်သာ ရှိသည့်အတွက် သေချာ ရေရာမှု မရှိခဲ့ပေ။
တဆက်တည်းတွင် ရခိုင့် ပါတီများဖြင့် အမျိုးသားရေး လှုပ်ရှားခဲ့ကြသေးသည်။ သို့သော် ပါတီခေါင်းဆောင်တို့၏ သဘောထား ကွဲလွဲမှုတို့ကြောင့် တစ်ပါတီကနေ၊ နှစ်ပါတီ၊ သုံးလေးပါတီအထိ အစိပ်စိပ်အမွှာမွှာကွဲခဲ့ကြရသလို ပြည်သူတို့ မျှော်မှန်းခဲ့သည့် ရခိုင့်လူ့ဘောင်သစ် လူမှုအဖွဲ့အစည်းကို မဆောင်ကြဉ်းပေးနိုင်ခဲ့ပေ။ ပါတီနိုင်ငံရေး၏ ကန့်သတ်မှုအောက်တွင် အချုပ်အခြာအာဏာ ဆိုသော စကားတို့ နှုတ်ပိတ်ခံခဲ့ရသည်။
သို့သော်လည်း AA ခေါင်းဆောင်က အချုပ်အခြာအာဏာတွင် အထက်ဈေး အောက်ဈေး မရှိဟု ရခိုင်လူထုကို အသိပေးထားခြင်းက ရခိုင် အလွှာပေါင်းစုံ၊ လူထုအများစုကြီး၏ နိုင်ငံရေးတက်ကြွမှုတို့မှာ မျှော်လင့်စရာ ရောင်နီထိုး ပြလိုက်ခြင်းဟုလည်း ဆိုနိုင်သည်။
လျှော့တွက်မရတော့သည့် AA
ကနဦးသုံးသပ်ချက် အရ အားလုံးက AA အနေဖြင့် ရခိုင်တွင် စစ်ပွဲခေါ်ရန် မဖြစ်နိုင်ကြောင်း ယေဘုယျ လက်ခံခဲ့ကြသည်။ အကြောင်းမှာ ရခိုင်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ချင်းပြည်နယ်တို့နှင့် နယ်ချင်း ထိစပ်နေခြင်းပင်။ တိုက်ပွဲများဖြစ်လာက ဘင်္ဂလားဒေ့ရှ်က လက်မခံသလို ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့မှာလည်း ယခင်က ရခိုင့်တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးပေးခဲ့သည့် သမိုင်းများ ရှိနေသည်။
ယင်းကြောင့် AA အနေဖြင့် ချောင်ပိတ်ခံရကာ စစ်ရေးရှုံးနိမ့်သွားခြင်း သို့မဟုတ် အင်အားပျော့ကာ ပုန်းလျှိုသွားမည်ဟု အတွေးများက လူတိုင်းတွင် ရှိနေခဲ့ကြခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် NLD နှင့် တပ်မတော်တို့က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး လေတပ်၊ ရေတပ်၊ ကြည်းတပ်တို့ဖြင့် ရှိသမျှ အင်အား စစ်လက်နက်၊ စစ်သည်အများအပြားဖြင့် ၂ နှစ်ကျော် ၃ နှစ်ခန့်အကြာ ဖိနှိပ် တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း AA အနေဖြင့် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကို ပြောက်ကျားဗျူဟာနှင့် ရွံရွံချွန်ချွန်ခုခံ နိုင်ခဲ့သည်။
ကျောက်တော်၊ ပလက်ဝ နယ်စပ်ရှိ ရက်ပေါင်း ၄၅ ရက်ကျော်ကြာမြင့်သည့် မီးဝတိုက်ပွဲ၊ ကျောက်တော် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ၉ ရက်ကြာသည့် ဗုဒ္ဓေါတိုက်ပွဲ၊ ရသေ့တောင် ကျောက်တန်း- အောင်သာစည်၊ မင်းပြား ဖားပြိုတိုက်ပွဲတို့မှာ အပြင်းထန်ဆုံးနှင့် ထင်ရှားသည့် တိုက်ပွဲကြီးများဖြစ်ကြောင်း တွေ့ရသည်။ မီးဝတိုက်ပွဲအတွင်း တပ်မတော်မှ တပ်သား၊ အရာရှိတို့အပါဝင် တပ်စိပ်တခုကိုပင် AAက အရှင် ဝိုင်းဝန်းဖမ်းဆီးကာ သက်သေပြလိုက်သေးသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများမှာ ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ပြီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ယင်းကြောင့် ၂၀၁၉ ခုနှစ် တနှစ်လုံး AA နှင့် တပ်မတော်တို့ကြား ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ အကြိမ်အရေ အတွက်နှင့် တပ်မတော်တို့ဘက်မှ ထိခိုက် ဒဏ်ရာရသူတို့နှင့် သေဆုံးသူတို့ AA ဘက်က ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မိနစ် ၃၀ နှင့် အထက် တိုက်ပွဲကြိမ်အရေအတွက် ဇန်နဝါရီ ၂၉၊ ဖေဖော်ဝါရီ ၃၁၊ မတ် ၆၁၊ ဧပြီ ၂၆၊ မေ ၆၅၊ ဇွန်၄၅၊ ဂျူလိုင် ၅၀၊ သြဂတ် ၆၅၊ စက်တင်ဘာ ၆၈၊ အောက်တိုဘာ ၉၃၊ နိုဝင်ဘာ ၈၉၊ ဒီဇင်ဘာ ၅၉ စုစုပေါင်း ၆၈၁ ကြိမ်ရှိခဲ့သည်။
ယင်းတိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ထိခိုက်သေဆုံး ဒဏ်ရရသူတို့မှာ ဇန်နဝါရီတွင် ၈၈ ဦး၊ ဖေဖော်ဝါရီ တွင် ၉၂၊ မတ်လတွင် ၂၂၀၊ ဧပြီတွင် ၂၅၄၊ မေလတွင် ၄၉၀၊ ဇွန်လတွင် ၃၄၃၊ ဂျူလိုင်တွင် ၃၆၄၊ သြဂတ်စ်တွင် ၇၈၃၊ စက်တင်ဘာတွင် ၁၅၀၊ အောက်တိုဘာတွင် ၂၄၇ နိုဝင်ဘာတွင် ၄၁၄ ဒီဇင်ဘာတွင် ၁၁၇ ဦး၊ စုစုပေါင်း ၃၅၆၂ ဦး ရှိခဲ့ကြောင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် ရက္ခိုင့်တပ်တော် AA ဘက်က စာရင်းထုတ်ပြန်ခဲ့သည်။
သို့သော်လည်း စာရေးသူအနေဖြင့် ယင်းစာရင်းတို့ကို အတိအကျ သီးခြားအတည်မပြုနိုင်ပေ။ ထို့အပြင် တိုက်ပွဲအတွင်း AA ဘက်က ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုတို့ကို တပ်မတော်ဘက်က ပြောဆို ထုတ်ပြန်ခြင်း မရှိသလို AA ဘက်ကလည်း ဖော်ပြခြင်းရှိသည်ကို မတွေ့ရသေးပေ။ ယင်းသို့ စစ်တပ်နှင့် ၃ နှစ်ခန့် အပြင်းထန်ဆုံးသော တိုက်ပွဲကြီးများကို ရင်ဆိုင်ခုခံတိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင်မူ နားလည်မှုဖြင့် လူကြီးလူကောင်းဆန်ဆန် အပစ်အခတ်ရပ်ထားနိုင်သည်မှာ အချိန်တစ်နှစ်ကျော်လာပြီဖြစ်သည်။
လက်ရှိ ရခိုင်သည် စစ်အေးကာလကို ဖြတ်သန်းနေပြီး ဒေသအတွင်း AA က ၎င်းတို့၏ သြဇာနှင့် ထိန်းချုပ်မှုကို ပြုလုပ်နေသည်။ လက်ရှိတွင် AA သည် ဒေသအတွင်းပြည်သူတို့ကို ယဉ်ကျေးမှုအရ ချဉ်းကပ်ခြင်း၊ ဇာတ်လမ်းဇာတ်အိမ် ဘာသာစကား၊ စာပေ၊ သမိုင်းနှင့် အမျိုးသားရေး စိတ်ဓာတ်ကို သိမ်မွေ့နက်နဲစွာဖြင့် တည်ဆောက်နေသည်ကိုတွေ့ရသည်။
ယင်းအပြင် သူတို့ထိန်းချုပ်ရာနေရာဒေသမှ လူငယ်များအား ကွန်ပျူတာ၊ အင်္ဂလိပ်စကားပြောအပြင် အထွေထွေလုပ်ငန်းအသုံးပြုမှု ပညာရပ်၊ ဘာသာရပ်သင်တန်းများနှင့် စိုက်ပျိုးရေးနည်းပညာတို့ကိုလည်း ပို့ချသင်ကြားပေးနေသည်ကိုတွေ့ရသည်။ ယင်းအပြင် ၎င်းတို့အတွက်လိုအပ်သော နယ်မြေထိန်းချုပ်မှု၊ လက်နက်ရိက္ခာစုဆောင်းမှု၊ သြဇာချဲ့ထွင်မှုတို့ကိုလည်း ပြုလုပ်နေသည်ကိုတွေ့ရသည်။ ဒေသအတွင်း ရခိုင်အပါအဝင် မျိုးနွယ်စုဝင်အားလုံးကို အခွင့်အလမ်းများပေးကာ စည်းရုံးသိမ်းသွင်းထားနိုင်သည်။ ယင်းအထဲမှ အထူးခြားဆုံးမှာ လူမျိုးစု ပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်းကိုပင် သဟဇာတကျကျဖြင့် AA က သူတို့၏ ရင်ခွင်ထဲသို့ ဆွဲခေါ်ထားသည်ကို တွေ့ရသည်။
ယခင် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က KIA ဌာနချုပ် လိုင်ဇာတွင် လူ ၃၀ မပြည့်သော အင်အားဖြင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါက်တာညိုထွန်းအောင်တို့ စတင်ဖွဲ့စည်းခဲ့သော AA သည် ယခုနောက်ပိုင်းတွင် စစ်သည်အင်အား ၃၀၀၀၀ ကျော်အထိ ရှိလာနေပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ် မီဒီယာ တခုနှင့် အင်တာဗျူးတွင် ထုတ်ပြောထားသည်။ ယင်းအောက်တွင် တိုက်ခိုက်ရေးသမားမဟုတ်သော ULA၊ APA စသည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ လူအင်အားလည်း များစွာရှိနေသေးသည်။
လက်ရှိအချိန်တွင် AA သည် ရခိုင်ပြည်အနှံ့ကို အယ်ဖာ ၁၊ ၂၊ ဘီတာ ၁၊ ၂၊ နိုဗာ စသည့် စစ်ဒေသများ ၇ ခုမှ ၉ ခုအထိ ဖွဲ့စည်းထားပြီး ယင်းအောက်တွင် တပ်ရင်း၊ တပ်ခွဲ များစွာဖြင့် ဖြန့်ကျက် စိုးမိုးအုပ်ချုပ်ထားကြောင်း ရခိုင်စစ်ရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး၏ ဆောင်းပါးဖော်ပြချက် အရ သိရသည်။
သိုသိပ်စွာ လုပ်ကိုင်
ထို့အပြင် AA မှာ အရေးကြီးသည့် ကိစ္စဟူသမျှကို မထင်မှတ်သည့် အချိန်တွင် စီစဉ်လုပ်ကိုင် နိုင်ခြင်းပင်ဖြစ်သည်။ လုပ်ငန်းစဉ်များကို မပြုလုပ်မည် မဖော်ပြဘဲ။ လုပ်ပြီးမှ ချပြတတ်သည်။ ဥပမာ တရားစီရင်ရေး ကိစ္စမှာ AA လုပ်ဆောင်နေသည်မှာ ကာလအတန်ကြာမှ ခေါင်းဆောင်တို့က ထုတ် ပြောခြင်း မျိုးဖြစ်သည်။
AA သည် ရခိုင်ပြည်နယ်အနှံ့ စစ်အင်အား ဖြန့်ကျက်ထားကာ တိုက်ရင်းနှင့် တည်ဆောက်ဆိုသည့် ဗျူဟာကို ကျင့်သုံးထားသည်။ လက်ရှိ အပစ်ရပ်ချိန်တွင်လည်း တိုင်းပြည်တည်ဆောက်ရေး အတွက် အရေးပါသော အုပ်ချုပ်ရေးကို ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အတူ ရင်ဘောင်တန်း အာဏာတည်ဆောက် အုပ်ချုပ်နေသည်။
ယင်းအပြင် တခြား ကချင်၊ ဝ၊ ကိုးကန့်၊ တအောင်းပလောင်၊ ကရင် စသည့်ဒေသတို့တွင်လည်း AA တပ်ဖွဲ့ဝင်တို့မှာ မဟာမိတ်အဖြစ် လှုပ်ရှားနေသလို ပူးပေါင်း ဆောင်ရွက်မှုတို့လည်း ရှိနေကြောင်း တွေ့မြင်နေရသည်။ ယင်းကြောင့် AA ခေါင်းဆောင်တို့၏ နိုင်ငံရေး ဗျူဟာကစားကွက်မှာ ဘာဖြစ်လာမည်ကို ကြိုတင်မှန်းဆရန် မလွယ်ကူနိုင်ပေ။
အကျပ်ရိုက်နေသည့် စစ်ကောင်စီ
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ယမ်းငွေ့လွှမ်းခဲ့ရသည်မှာ ယနေ့ထိ အရှိန်မြင့်နေဆဲပင်။ ယင်းအပြင် စစ်ကောင်စီအပေါ် လူထုတရပ်လုံးက အာဏာဖီဆန်မှုတို့မှာလည်း ယခင် ၁၉၈၈ အရေး အခင်းထက် များစွာ အကျပ်ရိုက်နေသည်။ တနိုင်ငံလုံး လက်နက်ကိုင်တော်လှန်မှုတို့ကြောင့် စစ်ကောင်စီအတွက် အခက်တွေ့နေသည်။ ထိုအချက်မှာ AA အတွက်များစွာသော အားသာချက်ရှိနေသလို ပြင်ဆင်မှုတို့လည်း ပိုင်ပိုင်နိုင်နိုင်ရနေသည်။
အချုပ်အားဖြင့် မြန်မာနိုင်ငံရေးမှာ များစွာရှုပ်ထွေးလှသည်။ လွတ်လပ်လိုသည့် ဆန္ဒဖြင့် PDF ကဲ့သို့သော ဒေသအနှံ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတို့၊ EAOsတို့မှာ၊ အာဏာသိမ်း စစ်ကောင်စီကို အပြင်းအထန် တွန်းလှန်နေကြသည်။ ယင်းကြောင့် မကြာမီတွင် နိုင်ငံရေးအပြောင်းအလဲ တခု ဖြစ်လာမည်ကို အားလုံးက လိုလားနေကြသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံသည် လက်ရှိ အခင်းအကျင်းအရ ယနေ့မှ မနက်ဖြန် မည်သည့်အရာမဆို ဖြစ်လာနိုင်သည်ဟု ဆိုရမည့် အခြေအနေရှိသည်။
နိဂုံး
အချုပ်အားဖြင့် ရခိုင်ပြည်သူများကတော့ ကိုယ့်ပြည် ကိုယ့်လူမျိုးကို ကိုယ်ပိုင်စီမံ အုပ်ချုပ်ပိုင်ခွင့်ရှိသော သီးခြား လွတ်လပ်သောပြည် အဖြစ်သာ လိုလားနေကြသလို AA၏ တော်လှန်ရေးလမ်းစဉ်ကသာ ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်နေကြသည်။
မည်သို့ပင် ဆိုစေကာမူ စစ်ဘေးရှောင် ကျောင်းသားလေးများ၊ သက်ကြီးရွယ်အိုများ အနေဖြင့် သူတို့၏ လွတ်လပ်ချင်နေသည့် စိတ်ဆန္ဒအမြုတည်မှုများမှာ နိုင်ငံရေးအရောင်အဆင်း ဘာမှ မရှိသော အဖြူထည် နှလုံးသားက အမှန်တရားပင် ဖြစ်ပေလိမ့်မည်။
ဂေါင် ရေးသားသည်။
https://www.facebook.com/westernnewsagency/posts/450330740106769