ယခုနှစ်မီနီဘတ်ဂျက်တွင် ရခိုင်ကလမ်းတံတားလုပ်ငန်းများအတွက် ငွေကျပ် ၁၇ ဘီလီယံသုံးစွဲမည်ဟုဆို

By Development Media Group (DMG)/ 2022 January 11

ပုံစာ – ပေ ၁၃၀၀ ကျော်ရှည်လျားသည့် ဂွ-မကျဉ်းငူတံတား တည်ဆောက်ထားခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကတွေ့ရစဉ်။

ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတံတားလုပ်ငန်းများဆောင်ရွက်ရန် ယခုနှစ် ခြောက်လစာမီနီဘတ်ဂျက်တွင် ငွေကျပ် ၁၇ ဘီလီယံကိုသုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်နယ်လမ်းတံတားဦးစီးဌာနမှ သိရသည်။

မီနီဘတ်ဂျက်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိဖြစ်ပြီး ယင်းဘတ်ဂျက်ငွေဖြင့် ယခင်နှစ်ဘတ်ဂျက်ကာလမှကျန်ရှိခဲ့သည့် လမ်းတံတားများကိုပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ပြည်နယ်လမ်းတံတားဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မေအေးအောင်က DMG သို့ပြောသည်။

“အရင်ဘက်ဂျက်နှစ်မှာ မပြီးစီးခဲ့တဲ့လမ်းတံတားတွေကို ဒီနှစ်ရတဲ့ဘက်ဂျက်ငွေနဲ့ ပြန်ပြီးပြုပြင်သွားမယ်။ လမ်းတံတားအသစ်ဆောက်လုပ်မယ့် အစီအစဉ်တော့မပါဘူး”ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ်ရန်ပုံငွေမှရရှိသည့်ငွေဖြင့် ပြည်နယ်လမ်း ၄၅ လမ်းကိုပြုပြင်မည်ဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေမှ ရရှိသည့်ငွေဖြင့် လမ်း ၈ လမ်းကိုပြုပြင်မည်ဟု ပြည်နယ်လမ်းတံတားဦးစီးဌာနမှ သိရသည်။

ယခုနှစ်တွင်ရရှိသည့် မီနီဘတ်ဂျက်ဖြင့် စစ်တွေခရိုင်အတွက် ၂၈၄၄ ဒဿမ ၆၈၂ ကျပ်သန်း၊ မြောက်ဦးခရိုင်အတွက် ၁၆၃၃ ဒဿမ ၈၄၀ ကျပ်သန်း၊ မောင်တောခရိုင်အတွက် ၁၉၀၀ ဒဿမ ၁၆၂ ကျပ်သန်း၊ ကျောက်ဖြူခရိုင်အတွက် ၆၁၄၁ ဒဿမ ၈၇၈ ကျပ်သန်းနှင့် သံတွဲခရိုင်အတွက် ၄၃၇၂ ဒဿမ ၄ ကျပ်သန်းကိုအသုံးပြု၍ လမ်းတံတားလုပ်ငန်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းတံတားလုပ်ငန်းဆောင်ရွက်ရန် မြောက်ဦးခရိုင်အတွက် ၅၁၈ ကျပ်သန်း၊ မောင်တောခရိုင်အတွက် ၁၀၃၀ ကျပ်သန်း၊ ကျောက်ဖြူခရိုင်အတွက် ၆၈၁ ကျပ်သန်းနှင့် သံတွဲခရိုင်အတွက် ၉၉၂ ကျပ်သန်းကိုသုံးစွဲမည်ဖြစ်ကြောင်း ပြည်နယ်လမ်းတံတားဦးစီးဌာနမှ သိရသည်။

လာမည့် ၂၀၂၂-၂၃ ခုနှစ် ဘတ်ဂျက်ကာလတွင် ပေ ၅၀ အထက်တံတားလေးစင်းကို တည်ဆောက်နိုင်ရန်လျာထားကြောင်း ပြည်နယ်လမ်းတံတားဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မေအေးအောင်က ဆိုသည်။

“လာမယ့်ဘတ်ဂျက်နှစ်မှာ မောင်တောက လက်ယာချောင်းတံတား၊ သံတွဲက မင်းနီကွင်းတံတား၊ ရမ်းဗြဲက ရမ်းသစ်ရှည်တံတားနဲ့ ငရုတ်ချောင်းတံတားတွေကို ဆောက်လုပ်ဖို့လျာထားတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀-၂၁ ခုနှစ်က လမ်းတံတားလုပ်ငန်းဆောင်ရွက်ရန် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ၇၅၂၅၅ ဒဿမ ၃၄၁ ကျပ်သန်းသုံးစွဲခဲ့ကြောင်းလည်း ပြည်နယ်လမ်းတံတားဦးစီးဌာနမှသိရသည်။

https://www.facebook.com/dmgnewsagency/posts/2200195330132866

Leave a Reply

Your email address will not be published.