By Western News/ 2022 January 26
ဓာတ်ပုံ-ကိုကြီးဆန်း
မြောက်ဦးဒေကို ယူနက်စကို ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာတင်ပြထားချက်များတွင် သဘာဝရင်းမြစ်နှင့် သက်ဆိုင်သည့် အရာများအား အဓိကထားအဆိုပြုထားခြင်းဖြစ်ပြီး အဆိုပါနေရာများရှိ ကျူးကျော်နေရာယူထား မှုတို့ကြောင့် ယူနက်စကိုဝင်ရေးတွင် တစ်စုံတစ်ရာ အခက်ခဲ အနှောက်အယှက်ဖြစ်လာနိုင်သည်ဟု ရှေးဟောင်းသုတေသနဌန နှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးကော်မတီ တို့မှပြောသည်။
ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်နိုင်ရေးအတွက် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ ကြိုးပမ်းလာခဲ့သော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် နှောင့်နှေးမှုရှိနေခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်လည်း အဆိုပြုလွှာမူကြမ်းနှင့် ၂၀၂၀ ခုနှစ်တွင် မူချောတို့တင်သွင်းမှုရှိခဲ့သော်လည်း ကပ်ရောဂါနှင့် ဒေသမတည်ငြိမ်မှုများကြောင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှောင့်နှေးခဲ့ရကာ ၂၀၂၁သို့ တစ်ဖန် နောက်ဆုတ်ခဲ့ကြရသည်။
မြောက်ဦးကို ယူနက်စကိုတင်သွင်းနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအသီးသီးက ဆက်လက်ကြိုးပမ်းခဲ့ကြပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပြုလွှာမူချောအားတင်သွင်းနိုင်ခဲ့ပြီဖြစ်သည်။
ထိုသို့တင်သွင်းရာတွင် အဓိကအချက်များအနေဖြင့် မြောက်ဦးဒေသရှိ သဘာဝရင်းမြစ်များအား အဓိကထား၍ အဆိုပြုထားခြင်းဖြစ်ရာ အဆိုပါနေရာများတွင် လက်ရှိဝင်ရောက်ကျူးကျော်မှုရှိနေခြင်းတို့မှာ ယူနက်စကိုဝင်ရေးတွင် နှောင့်နှေးမှုဖြစ်နိုင်သည်ဟု မြောက်ဦးရှေးဟောင်းသုတသနဌာန၏ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောသည်။
“ကျနော်တို့က မြောက်ဦးနဲ့ပတ်သက်ပြီး အဆိုပြုလွှာတင်သွင်းတဲ့အခါ ဘုရားပုထိုးတွေထက် မြောက်ဦးခေတ်မှာ အဓိကအသုံးပြုခဲ့တဲ့၊ အသုံးဝင်မှုရှိခဲ့တဲ့ ကာကွယ်ရေးအဖြစ်အသုံးပြုခဲ့တဲ့ တောတောင်တွေ၊ ခံတပ်တွေ၊ ရေလမ်းကြောင်းတွေအဖြစ်အသုံးပြုခဲ့တဲ့ ကျုံးတွေ၊ ရေအရင်းအမြစ်တွေဖြစ်တဲ့ ကန်တွေ ဥပမာ လက်ဆည်ကန် တို့ အနူမတို့ပေါ့။ ဒါတွေကို အဓိကထားပြီးတော့ ကျနော်တို့တင်ပြခဲ့တာ။ ဒါတွေဟာ အရှေ့တောင် အာရှမှာ တစ်ခုတည်းပဲ ရှိတဲ့အရာတွေ။ အခုက ဒီလိုနေရာတွေမှာ နေရာယူထားတာတွေရှိနေတော့ ဟိုဘက်က လာစစ်ရင် ကျနော်တို့က ဘယ်နေရာကိုသွားပြရမှာလဲ။ ဒီတော့ ဒါတွေဟာ ယူနက်စကို ဝင်ရေးကို နှောင့်နှေးစေသလို အမြန်ဆုံး ဖယ်ရှားပေးကြဖို့လဲလိုအပ်တယ်” ဟုပြောသည်။
လက်ရှိတွင် အဆိုပါနေရာများအား သက်ဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပေးမှုများ လုပ်ဆောင်နေပြီး ဆက်လက်ရှိနေလျှင် ဥပဒေလမ်းကြောင်းအတိုင်း လုပ်ဆောင်သွားရန်ရှိသည်ဟု ညွှန်ကြားရေးမှူးက ဆက်ပြော သည်။
မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဒေါ်ခင်သန်းကလည်း အမွေအနှစ်စာရင်းဝင်ရေးတွင် စံနှုန်း ၁၀ ခုရှိပြီး ထိုအထဲမှ စံနှုန်း (၃) အားအဓိကထား၍ တင်သွင်းထားခြင်းဖြစ်ပြီး ရှေးဟောင်းနယ်မြေအတွင်း နေရာယူထားမှုတို့မှာလည်း တစ်စုံတစ်ရာ အနှောက်အယှက်ဖြစ်လာနိုင်သည်ဟု ပြောသည်။
အဆိုပါ စံနှုန်း ၃ တွင်ပါဝင်သည့် အချက်များမှာ အဆင့်မြင့်နည်းပညာဖြင့် ရေအရင်းအမြစ်အသုံးချမှု၊ ကာကွယ်ရေး၊ စိုက်ပျိုးရေးအတွက် အသုံးပြုတည်ဆောက်မှု၊ ဒေသဟန်ပေါ်လွင်စေသည့် ဗိသုကာ၊ ကျောက်ဆစ်လက်ရာများနှင့် အရှေ့တောင်အာရှနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ထူးခြားသော ပထဝီနိုင်ငံရေး သာဓကများ ဟူ၍ စံနှုန်းသတ်မှတ်ချက်များ ပါရှိကြောင်း တွေ့ရသည်။
မြောက်ဦးဒေသအတွက် ယူနီစကို ဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူချောကို ပေးပို့ပြီးဖြစ်သော်လည်း လက်ခံရရှိကြောင်း အကြောင်းပြန်လာခြင်းမရှိသေးကြောင်း အကြောင်းပြန်လာပါက ယူနက်စကိုဝင်နိုင်ရေး ကနဦးမျှော်လင့်ချက်ရှိပြီ ဖြစ်သည်ဟု မြောက်ဦးရှေးဟောင်းသုတေသန ဌာန၏ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောသည်။
“ကျနော်တို့ ပို့ထားတာကတော့ ရောက်သွားပါပြီ။ အဲ့ဖက်က လက်ခံရရှိကြောင်းတော့ အကြောင်းပြန်မလာသေး ပါဘူး။ တကယ်လို့ အကြောင်းပြန်မလာရင် ဝင်ခွင့်ဖြေတာမအောင်ဘူးဆိုတဲ့သဘောပေါ့။ တကယ်လို့ အကြောင်း ပြန်လာရင်တော့ ကျနော်တို့ကို စဉ်းစားပေးမယ်ဆိုတဲ့သဘောမျိုးပေါ့။ ဒီတော့ ယူနီစကို ဝင်ရေးစာမေးပွဲဖြေဆိုခွင့် ရသွားတယ် လို့ဆိုရမှာပေါ့” ဟုပြောသည်။
မြောက်ဦးဒေသမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်နိုင်ရေးအတွက် တစ်ဖက်တွင်ကြိုပမ်းလုပ်ဆောင်နေကြသော်လည်း အခြားတစ်ဖက်တွင် မြို့တွင်း လူနေထိုင်မှုရှိနေခြင်းတို့ကြောင့် ရှေးဟောင်းနယ်နိမိတ်အတွင်း မြေနေရာ တူးဖော်မှုများ၊ ကျူးကျော်နေရာယူထားမှုများ၊ မြို့ရိုးတံတိုင်းများထက်တွင် အဆောက်အဦးဆောက် လုပ်မှုများ၊ ကျုံးများအား မြေဖို့၍ နေရာယူနေထိုင်မှုတို့ကို ကျယ်ပြန့်စွာလုပ်ဆောင်နေ ကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/453839506422559