By RFA/ 2022 January 18
Photo: RFA
(၂၀၁၉၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ကို တွေ့ရစဉ်)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်မှာ ဇန်နဝါရီ ၁၇ ရက် မနေ့က ဗုံးသီးတစ်လုံး ပေါက်ကွဲခဲ့ရာ မွတ်စလင်ကလေး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လယ်ကွင်းထဲကနေ ကောက်ရလာတဲ့ အဲဒီဗုံးသီးကို အသက် ရှစ်နှစ်အရွယ် ကလေးနှစ်ဦး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ဒဏ်ရာရခဲ့တာလို့ ပေါင်းတုတ်ရွာက ရာအိမ်မှူး ဦးဒေါယာက RFA ကို ပြောပါတယ်။
“သူတို့တွေက လယ်ကွင်းထဲက ကောက်ရလာတဲ့ ဗုံးသီးကို အိမ်ကိုယူလာတယ်။ အိမ်မှာ အဲဒီဗုံးသီးကို ထုပြီး ဆော့ကစားနေတုန်း ပေါက်ကွဲလို့ ဒဏ်ရာရသွားတာပါ။ ဒဏ်ရာက တော်တော်ပြင်းတယ်။ ဒါကြောင့် မနေ့ကပဲ ဆေးရုံကို ချက်ချင်းပို့လိုက်ရတယ်”
မာမောက်ဂျူနိုင် ဆိုတဲ့ ကလေးက ဝမ်းဗိုက်မှာ ဒဏ်ရာရလို့ စိုးရိမ်ရပြီး ကာလာဖူဝါ ဆိုတဲ့ ကလေးကတော့ ခြေထောက်မှာ ဒဏ်ရာရထားကာ သူတို့ နှစ်ဦးစလုံးကို လက်ရှိ မြောက်ဦးမြို့နယ် မြောင်းဘွေ ဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲဖြစ်ပွားရာကာလအတွင်း မင်းပြားမြို့အခြေစိုက် (၅၄၁) တပ်ရင်းက စစ်ကြောင်းတစ်ခုဟာ ပေါင်းတုတ်ရွာအနီးတစ်ဝိုက်မှာ တစ်လနီးပါးကြာ ယာယီ တပ်စခန်း ချခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း ရာအိမ်မှူး ဦးဒေါယာက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း အဲဒီပေါင်းတုတ်ရွာမှာ လယ်ကွင်းထဲ နွားကျောင်းသွားစဉ် အခုလိုပဲ ဗုံးသီးပေါက်ကွဲလို့ မွတ်စလင်ကလေး လေးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ တွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ အခုအချိန်ထိ မိုင်း၊ လက်နက်ကျည်ဆံတွေအပြင် စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၃၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ဦး အထိ ရှိခဲ့ပါတယ်။