By Western News/ 2022 January 11
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ယခုဆောင်းတွင်းရာသီ၌ အနွေးထည်နှင့် စောင်များလုံလောက်မှုမရှိဖြစ်နေသည်ဟု အဆိုပါစစ်ရှောင်းစခန်းများမှ စစ်ဘေးရှောင်များကပြောသည်။
လူဦးရေ ၁၁၀၀ ကျော်ရှိသည့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် ယခုနှစ်ဆောင်းရာသီအတွင်း အနွေးထည်ထောက်ပံ့မှုတစ်စုံတစ်ရာမရရှိသေး၍ များစွာလိုအပ်ချက်ဖြစ်လျှက်ရှိသည်ဟု မြတန်ဆောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးစိုးမြင့် ကပြောသည်။
“စခန်းမှာက အနွေးထည်တွေလည်း လိုနေတယ်။ စောင်တွေလည်း လိုနေပါတယ်။ စောင်က လုံလုံလောက်လောက်မရှိကြဘူး။ မြောက်ဦးက အအေးအရမ်းများတယ်လေ။ အနွေးထည်နဲ့စောင်က တော့ ဒီနှစ်အတွင်း စခန်းကို ဘယ်သူမှလာမလှူကြသေးပါဘူး” ဟုပြောသည်။
စစ်ရှောင်စခန်းတွင်နေထိုင်သူများမှာ စားရေးအတွက်ပင် အနိုင်နိုင်ဖြစ်၍ အနွေးထည်ဝယ်ယူရန်မတတ်နိုင်ကြကြောင်း အချမ်းဒဏ်ကြောင့် ကလေးများကျန်းမာရေးအခြေနေ ဆိုးရွားလာမည်ကိုလည်း စိုးရိမ်နေရသည်ဟု မြို့ဦးခေါင်းစစ်ရှောင်စခန်းမှ တာဝန်ခံ ဦးဝင်းနိုင် ကပြောသည်။
“စခန်းမှာက စောင်ကအဓိကလိုအပ်နေပါတယ်။ ညအအေးပိုများတယ်လေ။ စောင်ကမလုံလောက်တော့ အဆင်မပြေကြဘူး။ အနွေးထည်တွေကလည်း ကလေးလူကြီး အကုန်လိုအပ်နေပါတယ်။ ကျနော်တို့မှာက စားသောက်ရေးအတွက်တောင်အနိုင်နိုင်ဆိုတော့ အနွေးထည် ဝယ်နိုင်ဖို့ကမဖြစ်နိုင်ဘူး။ ထောက်ပံ့လာဖို့ကိုပဲ မျှော်နေရတာပေါ့” ဟုပြောသည်။
မြို့ဦးခေါင်းစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၆၃ စုနှင့် လူဦးရေ ၁၀၈၃ ဦးရှိသော စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။
အဆိုပါ စစ်ရှောင်စခန်းများအပြင် မြောက်ဦးမြို့နယ်ရှိ ပီပင်ရင်း၊ ရွာသစ်ကေနှင့် တစ်ခြားစစ်ရှောင်စခန်းများတွင်လည်း စောင်နှင့် အနွေးထည်များ လုံလောက်မှုမရှိ၍ အခက်ခဲဖြစ်နေကြရသည်ဟု စခန်းတွင်းနေထိုင်သည့် စစ်ဘေးရှောင်များကပြောသည်။
ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည်မှာ ၁ နှစ်ကျော်ခန့်ရှိလာပြီဖြစ်ပြီး ယခင်က တိုက်ပွဲဖြစ်ပွား၍ တိမ်းရှောင်ခဲ့ရသည့် စစ်ရှောင်များမှ တစ်ချို့မှာ နေရပ်ပြန်နိုင်ခဲ့သော်လည်း တစ်ချို့မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ဘဲရှိနေကြဆဲဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/444833820656461