မြို့နယ် ၅ မြို့နယ်တွင် AA တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ၅၀၀၀ ကျော်ခန့်ကို ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးဟု AA ပြော

By Western News/ 2022 January 25

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ် တွင် ရက္ခိုင့်တပ်တော် AAမှ တပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံပြည်သူ ၅၀၀၀ ကျော်ခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ် သည်ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၁၉ ရက်နေ့စ၍ ၂၅ ရက်နေ့အထိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် ၅ မြို့နယ်တွင် SAC၏ ကျန်းမာရေးဌာန တာဝန်ယူပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်သည်။

ယင်းသို့ ကာကွယ်ဆေးထိုးပေးရာတွင် ဒေသခံပြည်သူများကို အဓိကဦးစားပေးထိုးနှံပေးပြီး ယင်းထဲတွင် AA မှ တပ်ဖွဲ့တွင်များလည်းပါဝင်ကာ ယနေ့ ဇန်နဝါရီ ၂၅  ရက်နေ့အထိ စုစုပေါင်း လူဦးရေ ၅၀၀၀ ကျော်ခန့် ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။

” နှစ်ဖက်သဘောတူညှိနှိုင်းမှုအရ ကျွန်တော်တို့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦးအဲ့ဒီ ၅မြို့နယ်မှာ SACရဲ့ ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ် ဆေးထိုးပေးနေတာပေါ့။ အဲ့ဒီထဲမှ ဒေသခံပြည်သူတွေကို အဓိက ဦးစားပေးထိုးနှံပြီး ကာကွယ်ဆေးထိုးတဲ့နေရာနဲ့ နီးစပ်တဲ့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၅ ရက် နေ့အထိ ဒေ သခံတွေအပါအဝင် လူဦးရေ ၅၀၀၀ ကျော်လောက် ကာကွယ်ဆေးထိုးပြီးသွားပြီ”ဟုပြောသည်။

ထိုးနှံပေးနေသည့် ကာကွယ်ဆေးများမှာ အိန္ဒိနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးCovishield နှင့် တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားများဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့် အုပ်စု ၁၆ ခုထဲမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အုပ်စုထဲတွင်ရက္ခိုင့်တပ်တော် AAလည်းပါဝင်သည်ဟု ပြီးခဲ့သည့်  ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီ၏ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။

https://www.facebook.com/westernnewsagency/posts/453322689807574

Leave a Reply

Your email address will not be published.