မီးရှို့ခံ ဘုရားပေါင်းရွာမှနေအိမ်များ ပြန်လည်တည်ဆောက်ရာတွင် ငွေကြေးအခက်အခဲကြောင့်ရပ်တန့်ထားရဟု စစ်ကောင်စီပြော

By Development Media Group (DMG)/ 2022 January 21

တိုက်ပွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှနေအိမ်များကို ပြန်လည်တည်ဆောက်ရာတွင် ဆောက်လုပ်နေသည့်ကုမ္ပဏီမှာ ငွေကြေးအခက်အခဲဖြစ်ပေါ်နေသဖြင့် ရပ်တန့်ထားရသည်ဟုသိရသည်။

အဆိုပါကျေးရွာတွင် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် နေအိမ်စုစုပေါင်း ၁၁၀ ရှိပြီး ယင်းအိမ်များကို စစ်ကောင်စီကပြန်လည်ဆောက်လုပ်ပေးရန်လုပ်ဆောင်နေခြင်းဖြစ်သည်။ နေအိမ် စုစုပေါင်း ၁၁၀ ရှိသည့်အနက် နေအိမ် ၂၀ မှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ သို့သော် ကျန်နေအိမ် ၉၀ ခန့်မှာ ဆောက်လက်စသာရှိသေးသည်ဟု ဒေသခံများထံမှသိရသည်။

ထိုသို့နေအိမ်များမပြီးစီးသေးခြင်းမှာ ဆောက်လုပ်ရန်တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီတွင် ငွေကြေးအခက်အခဲဖြစ်ပေါ်နေသဖြင့်ရပ်တန့်ထားခြင်းဖြစ်ပြီး ပြန်လည်ဆောက်လုပ်ရန်ညှိနှိုင်းနေသည်ဟု ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG ကိုပြောသည်။

“ဘုရားပေါင်းကျတော့ ပြန်ပြီးဆောက်ဖို့အတွက် အစိုးရ(စစ်ကောင်စီ)က ကုမ္ပဏီနဲ့ညှိနှိုင်းနေတယ်။ ကုမ္ပဏီက ငွေကြေးအကျပ်အတည်းကြောင့် ခဏရပ်သွားတယ်။ ဒါပေမယ့် ပြန်ဆောက်ဖို့လုပ်နေတယ်”ဟု ၄င်းကဆိုသည်။

လက်ရှိတွင် နေအိမ် ၉၀ ခန့်မှာ အုတ်မြစ်ချထားသည့် အနေအထားတွင်သာရှိနေသေးပြီး ဆောက်လုပ်ခြင်းရပ်တန့်ထားသည်မှာ  နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သဖြင့် အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးရန်လိုလားသည်ဟု ဘုရားပေါင်းဒေသခံ ဦးသာလှထွန်းက DMG ကိုပြောသည်။

“သူတို့အနေနဲ့တာဝန်ခံပြီးလုပ်နေတာကို မြန်မြန်ဆန်ဆန်လေးလုပ်ပေးစေချင်တယ်။ ကျွန်တော်တို့ ဒုက္ခသည်တွေက ဒုက္ခရောက်ပြီးတော့ သူတို့အကူအညီယူနေရတယ်ဆိုတော့ လာမဲ့မိုးရာသီမှာ အခုလိုတွေဆက်ဖြစ်နေမယ်ဆိုရင် အခက်အခဲတွေထပ်ဖြစ်မယ်လို့ထင်ပါတယ်။ ခုရာသီမှာ အစိုးရ(စစ်ကောင်စီ)အနေနဲ့ ကြီးကြပ်ဆောင်ရွက်ပြီး မြန်မြန်ပြီးစီးအောင်လုပ်ဆောင်ပေးစေချင်ပါတယ်”ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ဘုရားပေါင်းကျေးရွာမှဒေသခံများသည် မိမိနေအိမ်များအနီးတွင် တဲထိုးကာနေထိုင်နေရပြီး အလုပ်အကိုင်လည်း အဆင်မပြေသဖြင့် မိမိအစီအစဉ်ဖြင့် နေအိမ်ဆောက်လုပ်ရန် မတတ်နိုင်သောကြောင့် နေအိမ်များကိုအမြန်ဆုံးဆောက်လုပ်ပေးရန်လိုအပ်သည်ဟု ဒေသခံများကပြောဆိုကြသည်။

ဘုရားပေါင်းကျေးရွာသည် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာခဲ့စဉ်ကာလ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းသို့မီးရှို့မှုမှာ မြန်မာစစ်တပ်မှမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုကြပြီး မြန်မာစစ်တပ်ကမူ ၎င်းတို့လက်ချက်မဟုတ်ဘဲ AA က မီးရှို့ခဲ့ခြင်းဟု ထုတ်ပြန်ခဲ့သည်။ AA ကလည်း မိမိတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

ရခိုင်တွင် ၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်း ကျေးရွာပေါင်း ၄၀ ခန့်မှ နေအိမ်စုစုပေါင်း ၁၀၀၀ ခန့် မီးရှို့ပျက်စီးခဲ့ရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

မီးလောင်ပျက်စီးရာတွင် ဘူးသီးတောင်မြို့နယ်မှ နေအိမ် ၁၆၃ လုံး၊ ကျောက်တော်မြို့နယ်မှ ၃၉၉ လုံး၊ ရသေ့တောင်မြို့နယ်မှ ၁၆၄ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၃ လုံး၊ မြောက်ဦးမြို့နယ်မှ ၂၀၉ လုံးနှင့် မင်းပြားမြို့နယ်က ၂၈ လုံးတို့ပါဝင်ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2207396282746104

Leave a Reply

Your email address will not be published.