By RFA/ 2022 January 18
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲရွာက မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်ခဲ့တဲ့ မြိုတိုင်းရင်းသား ရှစ်တန်းကျောင်းသား ကလေးငယ်ဟာ ဆေးဝါးကုသဖို့ အကူအညီ လိုအပ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရွာကနေ တစ်နာရီကျော်ခန့်သွားရတဲ့တောထဲ ဟင်းရှာသွားစဉ် မိုင်းနင်းမိလို့ ညာဖက်ခြေထောက်ပြတ်သွားပြီး ဘယ်ဖက်ခြေထောက်လည်း ဒဏ်ရာအကြီးအကျယ်ရခဲ့ရာ ဒဏ်ရာကလည်း မကျက်သေးလို့ ဆေးရုံသွားပြီး ဆေးကုနေရတယ်လို့ မိခင်ဖြစ်သူ ဒေါ်ချောက ပြောပါတယ်။
သူဟာ သားသမီး ငါးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး မိုင်းထိထားတဲ့ဒဏ်ရာတွေ ခုချိန်ထိ မကောင်းသေးလို့ ကျောင်းတောင် ဆက်မတက်နိုင်သေးဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံး ဥက္ကဋ္ဌ ဦးလှမြင့်ကတော့ အခုလောလောဆယ် မြို့ပေါင်း ခုနစ်ခုမှာ သင်တန်းပေးနေပြီး ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား တို့မှာလည်း မသန်စွမ်းတွေအတွက် အားပြုကိရိယာတွေ ထောက်ပံ့ဖို့ စီမံချက်ရှိပါတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်တို့ ၂၀၁၈ ခုနှစ်က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးက ထောင်ထားတဲ့မိုင်းတွေဟာ မပေါက်ကွဲသေးရာကနေ ဒေသခံရွာသားတွေက အဲဒီမိုင်းတွေနင်းမိလို့ ခုလို ထိခိုက်ဒဏ်ရာတွေ ရနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။