By Narinjara/ 2022 January 26
သဥ္ဇာနွယ်

ဓာတ်ပုံ – မျိုးသက်ဝေ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဆောက်လုပ်ထားသော ခရီးသွားများကိုဆွဲဆောင်နိုင်သည့် မာန်အောင်ဟိုတယ်ဇုန်ကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါဟိုတယ်ဇုန်သည် မာန်အောင်မြို့နယ် ကအီးရွာနှင့် မိန်းမကြွယ်ကျေးရွာအကြားတွင်တည်ရှိပြီး ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင်စတင်ဖွင့်လှစ်ခဲ့သည်ဟု မာန်အောင် အများပိုင်ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်က နိရဥ္စရာကိုပြောသည်။
“သဘာဝကိုအခြေခံထားတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ဒီနေ့မှစတင်ဖွင့်နိုင်ခဲ့ပြီ။ ဒီလိုဖွင့်တာက တော်တော်အကျိုးရှိပါတယ်။ မာန်အောင်မြို့နယ်သူ မြို့နယ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရလာမယ်။ ရင်းနှီးမြှုပ်နှံတဲ့သူများလာတဲ့အခါ ဒေသခံပြည်သူတွေအတွက် အများကြီးအလုပ်အကိုင်ရလာမယ်” ဟုပြောသည်။
အဆိုပါမာန်အောင်ဟိုတယ်ဇုန်ကို မာန်အောင်မြို့နယ်တွင် မာန်အောင်အများပိုင်ကုမ္ပဏီက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလတွင်ဆောက်လုပ်ပြီးစီးကာ ယနေ့တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။
မာန်အောင်ဒေသခံ ကိုဇော်ထူးအောင်က“ ဒီလုပ်ငန်းရှိတာ ဒေသခံတွေအတွက်အရမ်းအကျိုးရှိပါတယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ဒေသခံတွေက လောလောဆယ် အလုပ်ရသွားမယ်။ ၁၀ တန်းအောင်တဲ့ကလေးတွေအတွက်လည်းအလုပ်တွေရမယ်။ ဟိုတယ်အတွက် ဝန်ထမ်းတွေလည်းခေါ်မယ်ပြောသံကြားပါတယ်။ ဒီလိုရှိတာ ဂုဏ်ယူစရာကောင်းပါတယ်။ မိမိဒေသကို ခရီးသွားပြည်သူတွေရောက်လာတဲ့အခါ သဘာဝအလှတရားတွေအများကြီးကိုခံစားခွင့်ရတာပေါ့” ဟု ပြောသည်။
အဆိုပါဟိုတယ်ဇုန်တွင် ခရီးသည်များတည်းခိုနိုင်သည့်ဘန်ဂလိုအလုံး ၈ဝ ခန့်ရှိသည်ဟု သိရသည်။
ဟိုတယ်ဇုန်တစ်ခုကို တည်ထောင်ပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ဆောင်ရွက်နေသော်လည်း လျှစ်စစ်မီး ရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်ဆိုလာကို ကုမ္ပဏီက ကျပ်ငွေ သိန်းပေါင်း (၁၂၀၀) အကုန်ကျခံပြီး အသုံးပြုနေရသည်ဟု မာန်အောင် အများပိုင်ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်က ပြောသည်။
ယင်းသို့ ဆိုလာမီးဖြင့်အသုံးပြုနေရသဖြင့် ရေရှည်တွင် တွက်ခြေမကိုက် ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။
မာန်အောင်မြို့နယ်တွင် သွားရောက်လည်ပတ်စရာများမှာ မြေနီတောင်နှင့်ဘုရား၊ သံကျောက်တောင်၊ တောကြက်တောင်၊ ပုလေးငူတောင်၊ သမ္ဘလကမ်းခြေ၊ သန္တာကျောက်တန်း၊ မျှော်တော်ဦးကမ်းခြေ၊ နဂါးကွင်း၊ မာန်အောင်မီးပြတိုက်နှင့် စန္ဒလောဟမုနိဘုရားတို့ဖြစ်ကြသည်ဟု သိရသည်။
မာန်အောင်မြို့နယ်(မာန်အောင်ကျွန်းပေါ်)သို့ ခရီးသွားလာသူများအနေဖြင့် ပွင့်လင်းရာသီတွင် လေယာဉ်ဖြင့်ဖြစ်စေ၊ တောင်ကုတ်မြို့မှ အမြန်ယာဉ်ဖြင့်ဖြစ်စေ သွားလာနိုင်သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5148810745130961