By Development Media Group (DMG)/ 2022 January 26

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း၏ သဘာဝအခြေပြု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ယနေ့(ဇန်နဝါရီလ ၂၆ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် မာန်အောင် Island Resource မှာ ကအီးရွာနှင့် မိန်းမကြွယ်ကျေးရွာအကြားတွင်တည်ရှိပြီး ဘန်ဂလိုအပါဝင် စုစုပေါင်းအပန်းဖြေနားနေနိုင်သည့် အခန်း ၈၀ ခန့်ပါဝင်သည်။
မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်းကို ယခင် NLD အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုစစ်ကောင်စီလက်ထက်တွင် ဖွင့်လှစ်လာခြင်းဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့် မာန်အောင်ကျွန်းတွင် ယခု ကဲ့သို့ ခရီးသွားလုပ်ငန်းများပေါ်ပေါက်လာသည့်အပေါ် ဒေသခံများက ကြိုဆိုကြသည်။
မာန်အောင်ကျွန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ၁၀ ခုအနက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်းတွင် ဟိုတယ်ဇုန်၊ ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းနှင့် Resource တို့ပါဝင်သည်။
မာန်အောင်ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့်သူများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းလည်း စီမံကိန်းဖော်ဆောင်နေသည့် မာန်အောင်အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောဆိုထားသည်။
မာန်အောင်ကျွန်းသည် ကျောက်ဖြူမြို့မှ ရေမိုင် ၈၇ မိုင်အကွာတွင်တည်ရှိကာ ၂၂၀ စတုရန်းမိုင်ကျယ်ဝန်းပြီး သာယာလှပသည့်ကမ်းခြေများရှိသော ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2210979239054475