By Western News/ 2022 January 17

ရက္ခိုင့်တပ်တော် AA နှင့် ဆက်သွယ်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် စွဲချက်တင်ခံထားရသည့် ကိုအောင်ဝင်းနိုင် ၏ အမှု ကိုယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ဆက်လက် စစ်ဆေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက တောင်ကုတ် တက္ကသိုလ်ရှေ့တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော ကိုအောင်ဝင်းနိုင် ကို ယနေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း အမှုလိုက်ရှေ့နေမှ ပြောသည်။
၎င်းအား လာမည့်ဇန်နဝါရီလ ၂၇ ရက်နေ့သို့ ထပ်မံရုံးချိန်းဆိုထားပြီး အဆိုပါနေ့တွင် တရားခံဖက်မှ လိုပြသက်သေအား စစ်ဆေးမည်ဖြစ်သည်ဟု အမှုလိုက်ဆောင်ရွက်နေသည့်ရှေ့နေဦးအောင်ကြည်နိုင် က ပြောသည်။
“ဒီနေ့ တရားခံကိုစစ်ဖြစ်တယ်။ နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ၂၇ ရက်နေ့ကိုချိန်းလိုက်တယ်။ အဲ့ဒီရုံးချိန်းမှာ တရားခံပြသက်သေကို စစ်မယ်။ ပုဒ်မ (၈) အတွက်တော့ လိုပြသက်သေမရောက်လို့ မစစ်ဖြစ်လိုက်ဘူး” ဟုပြောသည်။
ကိုအောင်ဝင်းနိုင်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) အပြင် လိုင်စင်မဲ့ကားမောင်းနှင်မှုဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်လည်း တောင်ကုတ်မြို့နယ်တရားရုံးတွင် စွဲဆိုခံထားရကာ လက်ရှိအမှု ၂ ခုအား တစ်ပြိုင်နက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
တောင်ကုတ်မြို့နယ် မိုးပညာဒါနပရဟိတကျောင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်ဝင်းနိုင်မှာ AA နှင့်ဆက်စပ်မှုရှိသည်ဆိုသည့်အပေါ် AA ဖက်မှ ၎င်းတို့နှင့် တစ်စုံတစ်ရာဆက်စပ်မှုမရှိကြောင်း ပြောဆိုထားသည်။
ကိုအောင်ဝင်းနိုင်မှာ လက်ရှိရင်ဆိုင်နေရသောအမှုများနှင့် တရားစွဲဆိုမခံရမီ စစ်တပ်ထဲတွင် ထိန်းသိမ်းခံခဲ့ရကာ မိသားစုနှင့်လည်း အဆက်သွယ်ပြတ်တောက်မှုရှိခဲ့ပြီး တောက်ကုတ်မြို့မရဲစခန်းသို့ ရောက်ရှိမှသာ အဆက်သွယ်ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/448535513619625