By RFA/ 2022 January 12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ လမ်းမကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
”အစိုးရဆီက ဆန်တစ်ခုတည်းပဲ ထောက်ပံ့ပါတယ်။ ခုက ဘယ်ကမှ လာလှူကြတာမရှိပါဘူး။ အဓိက မီးဖိုချောင်သုံး ပစ္စည်းတွေလိုအပ်နေပါတယ်” လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
ဒီစခန်းဟာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက အိမ်ထောင်စု ၃၃၃ စု၊ လူဦးရေ ၁၃၅၁ ဦး ခိုလှုံနေကြတာပါ။
”ခုနောက်ပိုင်း စားဝတ်နေရေးက တအား ခက်ခဲလာပါတယ်။ အရင်လို လာလှူကြတာတွေလည်းမရှိတော့ပါဘူး။ အစိုးရဘက်က ထောက်ပံ့တာက မလုံလောက်ပါဘူး။ အကူအညီတွေက အများကြီး လိုအပ်ပါတယ်” လို့ စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီစခန်းအပါအဝင် ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေကို ပြင်ပအလှူရှင်တွေ၊ INGO တွေနဲ့ သတင်းထောက်တွေ ရောက်လာရင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းဆက်အကြောင်း ကြားဖို့ အာဏာပိုင်တွေက ပြောဆိုထားကြောင်းလည်း စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဒါကြောင့် စခန်းကို အလှူရှင်တွေ မလာတော့ဘဲ့ အခက်အခဲဖြစ်နေကြတာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။