By Voice Of Westland/ 2022 January 19
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာရှိ (အ.ထ.က)(ခွဲ)တွင် ကျောင်းအုပ်နှင့် အထက်တန်းပြဆရာ၊မများ လုံလောက်မှုမရှိဖြစ်နေကြောင်း ကျောင်းသားမိဘများက ပြောသည်။
ယင်းကဲ့သို့ ဆရာ/မ များလုံလောက်မှုမရှိသောကြောင့် ကျောင်းသား၊ သူများမှာ စာမေးပွဲမဖြေဆိုချိန် အောင်မှတ်နည်းမည်ကို စိုးရိမ်နေကြသည်ဟု သူမကပြောသည်။
“ကျောင်းသားတွေအတွက် အတန်းတိုင်းက အရေးကြီးတယ်။ KG တန်းတက်တဲ့ကလေးတွေကအစပေါ့။ ဥပမာ-Grade-1က အရည်အချင်းရှိတဲ့ ကလေးက Grade-2ရောက်လို့ ရှိရင် ဆရာ/မအနေနဲ့ အဆင်ပြေသလို ဘာသာရပ်တွေအပေါ်မှာလည်း အဆင်ပြေပါတယ်။ ဒီလိုမျိုးတစ်တန်းပြီးတစ်တန်းပေါ့။ ဒီနှစ်မှာကျတော့ စိုးရိမ်ရတာက ဆယ်တန်းတွေက နောက်ဆုံးနှစ်ဖြစ်တဲ့အတွက် စိတ်ပူနေရပါတယ်။ ဒီကြားထဲ တိုင်းရေးပြည်ရေး၊ ရောဂါအခြေအနေ တွေရှိတဲ့အပြင် ဆရာ/မ တွေအလုံအလောက်မရှိတော့ စာမေးပွဲအတွက် အရမ်းစိုးရိမ်နေရပါတယ်” လုံခြုံရေးအရအမည်အဖော်လိုသည့် အထက်တန်းကျောင်းသူတစ်ဦး၏ မိခင်က VOW ကို ပြောသည်။
အဆိုပါကျောင်းတွင် တာဝန်လွဲပြောင်းသွားသည့် ကျောင်းအုပ်ဆရာမကြီး၏အစီစဉ်အရ အထက်တန်းကို သင်းကြားပေးရန် မူလတန်း၊ အလယ်တန်းနှင့် ရုံးစာရေးတို့က သင်ကြားပို့ချနေသည့်အတွက် စာသင်သားများ နားမလည်မှာကို စိုးရိမ်ကြောင်း ယင်းကျောင်းတွင်တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးက VOW သတင်းဌာနကို ယခုကဲ့သို့ပြောသည်။
” စာဝင်ပြနေတဲ့ ဆရာ/မတွေက အလယ်တန်းပြ၊ မူလတန်းပြတွေဆိုတော့ ကြိုးစားပြီးပြကြရတယ်။ နောက်ပြီးသူတို့တာဝန်ချိန်မှာ အထက်ကတာဝန်တွေကျလာလို့ရှိရင်လည်း အချိန်မှီမရောက်နိုင်ကြဘူး။ စာဝင်ပြနေတဲ့ ဆရာ/မတွေက သင်တန်းပို့ချထားတာမဟုတ်တော့ ကျောင်းသားတွေအတွက် လှစ်ဟာမှုတွေရှိတယ်။ နားမလည်မှာကိုလည်း စိုးရိမ်ရတယ်” ဟု သူမက ပြောသည်။
ဆရာ/မတွေလုံလောက်မှုမရှိ၍ အစားထိုးဝင်ပြနေသည့်ဆရာများမှာလည်း စာသင်ချိန်လိုက်မမှီနိုင်သောကြောင့် လစ်လပ်နေသည့် ဘာသာရပ်များအတွက် အောင်မှတ်မမှီမှာကို စိုးရိမ်နေရကြောင်း ဆယ်တန်းကျောင်းသားတစ်ဦးက ပြောသည်။
အဆိုပါ ကျောင်းသည် ၂၀၁၈ ခုနှစ်ကစပြီး(အ.ထ.က)(ခွဲ)ကျောင်းအဖြစ် သတ်မှတ်ထားခဲ့သည့်ကျောင်းတစ်ကျောင်းဖြစ်ပြီး လက်ရှိတွင် အထက်တန်းပြ ဆရာ၊မ ၃ ဦးသာရှိကြောင်း သိရသည်။
အဆိုပါကိစ္စနဲ့ပတ်သက်၍ ဘူးသီးတောင်မြို့နယ်၊ ပညာရေးမှူးကို ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
စည်တောင်(အ.ထ.က)(ခွဲ)ကျောင်းသည် ရေကောင်းချောင်း၊ ကံပြင်၊ သပြေဆိပ်၊ ခရုချောင်း၊ နတ်အိုင် စသည့်ရွာများမှ ကျောင်းသား၊ကျောင်းသူ ၄၄၉ ဦးတို့ ပညာသင်ယူနေကြသည့်ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။