By Western News/ 2022 January 22
ရေတပ်ပိုင်နယ်မြေဖြစ်၍ဟုဆိုကာ ရခိုင်ပြည်နယ် သံတွဲမိမြို့နယ်က ဂျိုင်သာကျေးရွာသားများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြောင်းရွေ့ရန် စစ်တပ်က အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ခဲ့သည့် ရက်မှစ၍ ယနေ့အချိန်အထိ စစ်တပ်က တစ်စုံတရာ လာရောက်ပြောဆိုမှုများ မရှိသော်လည်း ကျေးရွာသားများအား ဖိအားပေးပြောင်းရွှေ့ခိုင်းမည့်ကို စိုးရိမ်နေကြောင်း ဂျိုင်သာကျေးရွာ သားများက Western News ကိုပြောသည်။
ဂျိုင်သာကျေးရွာသားတစ်ဦးက“သူတို့က ဒီလိုပြောင်းရွေ့ဖို့ပြောတာ ၂ နှစ် ၃ နှစ်နေရင်တစ်ကြိမ်လာပြောတာမျိုးတွေရှိတယ်။ အရင်တုန်းကတော့ ခုလောက်ပြင်းပြင်းထန်ထန် မလုပ်ဖူးဘူး။ ဒီတစ်ခေါက်က ပထမဆုံး တပ်က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အစည်းဝေးခေါ်ပြီး စီမံကိန်းတစ်ခုကြောင့် ပြောင်းရမယ်ဆိုပြီး ကျနော်တို့ကို ပြောတယ်။ နောက်ပိုင်း အမိန့်စာထုတ်ပြီး ပြောလာတာပေါ့။
ကျနော်တို့က မပြောင်းရွေ့နိုင်တဲ့ အခက်ခဲတွေ ထွေအုပ်က အစည်းဝေးလာလုပ်တဲ့နေ့မှာ တင်ပြတော့ အထက်ကို တင်ပြပေးမယ်ပြောသွားတယ်။ အဲ့ကတည်းက ထပ်ပြောလာတာမရှိတော့ဘူး။ ဘယ်နေ့ လာပြီးတော့ ပြောင်းရွှေ့ဖို့ ဖိအားပေးလာပြောမှာကိုစိုးရိမ်မိတယ်”ဟုပြောသည်။
သံတွဲမြို့နယ် ကျောက်ကလပ်အုပ်စုရှိ ဂျိုင်သာကျေးရွာမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က လက်ရှိကျေးရွာတည်ဆောက်ထားသည့်နေရာမှာ ရေတပ်ပိုင်နယ်မြေဖြစ်နေသည့်အတွက် ပြောင်းရွေ့ကြရန် ကျောက်ကလပ်အုပ်စု အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် အကြောင်းကြားစာ ပေးပို့လာခဲ့ခြင်းဖြစ်သည်။
ကျောက်ကလပ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ ညွှန်ကြားချက်အရ ကျေးရွာရှိနေအိမ်များအား အကြောင်းကြားစာပေးပို့ထားခြင်းဖြစ်ပြီး နေအိမ်များပြောင်းရွေ့ရန် နေရာကိုလည်း သတ်မှတ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါကျေးရွာမှ နေအိမ်များပြောင်းရွေ့ရမည့်နေရာမှ လက်ရှိနေရာနှင့် ၂ မိုင်ကျော်ခန့်ဝေးသည့် အစိမ်းမတောင်တွင် ဦးရာလူစနစ်ဖြင့် နေရာချပေးထားခြင်းဖြစ်ပြီး ၎င်းနေရာမှာ သောက်သုံးရေရှားပါးသကဲ့သို့ ဖို့မြေများဖြစ်သည့်အတွက် မိုးတွင်းကာလတွင်လည်း အန္တရာယ်ရှိနိုင်သည့်အတွက် မပြောင်းရွေ့လိုကြောင်း ကျေးရွာသားများ ကပြောထားသည်။
ဂျိုင်သာကျေးရွာသားများမှာ ရေလုပ်ငန်းအားအဓိကထားပြီး အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ပြီး ပင်လယ်ဆိပ်ကမ်းနှင့်ဝေးသည့် အစိမ်းမတောင်တွင် နေထိုင်ရန်အဆင်မပြေမှုများရှိနေကြခြင်းဖြစ်သည်။
ကျေးရွာပြောင်းရွေ့မည့် ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးခြားမှုရှိမရှိသိရှိနိုင်ရန် သံတွဲဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းအား Western News မှ ဆက်သွယ်မေးမြန်းခဲ့ရာ”အခုလောလောဆယ်တော့ ဘာမှတော့ လှုပ်လှုပ်ရှားရှားတော့မရှိပါဘူး။ အလုံးစုံတော့ ကျနော်တို့လည်း မသိပါဘူး။ အဲ့ဒါက မြေပိုင်ဆိုင်တဲ့ဌာနက အော်ဒါထုတ်တာဆိုတော့လေ” ပြောသည်။
လက်ရှိ အိမ်ခြေ ၇၀ နီးပါးနှင့် လူဦးရေ ၃၀၀ ခန့်နေထိုင်ကြသည့် ဂျိုင်သာကျေးရွာမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း တစ်ကြိမ် စစ်တပ်ဖက်မှ ပြောင်းရွေ့ပေးရန် အမိန့်ထုတ်ပြန်မှုရှိခဲ့ပြီး လက်ရှိ ၂၀၂၁ ခုနှစ်တွင် ရေတပ်ပိုင်နယ်မြေဖြစ်ပြီး စီမံကိန်းတစ်ခုကြောင့်ဟုဆိုကာပြောင်းရွေ့ပေးရန် ညွှန်ကြားလာခြင်းဖြစ်သည်။
ဂျိုင်သားကျေးရွာက အသက် ၄၂ အရွယ် အမျိုးသမီးတစ်ဦးက”ကျမတို့မှာ ဒီနေရာက နေသားတကျဖြစ်ပါပြီ။ တခြားနေရာပြောင်းမယ်ဆိုရင် အဆင်မပြေပါဘူး။ တော်တော်လေးကို အခက်တွေ့စေမယ်။ သားသမီးပညာရေးအက စီပွါးရေးတွေကိုလည်း ပြန်လည်စပြီလုပ်ရမယ်ဆိုတော့ ပြောင်းရွှေ့ဖို့ ဘယ်လိုနည်းနဲ့မှအဆင်မပြေပါဘူး”ဟုပြောသည်။
https://www.facebook.com/westernnewsagency/posts/451536253319551