ပေါက်တောမြို့နယ်က ကျေးရွာ ၁၀ ကျော်ခန့် စစ်ကောင်စီတပ်သားများ ဝင်ရောက်၊ AAနှင့် မပူးပေါင်းဖို့ ပြောဆို

By Western News/ 2022 January 6

ဓာတ်ပုံ- ရခိုင်ပြည်နယ် ဝန်ကြီးများ ရောက်ရှိနေစဉ် မြောက်ဦးမြို့နယ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီ စစ်သားများအားတွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပိန္ဒဲချောင်းကျွန်းနှင့် ဖဒူကျွန်းတို့မှ ကျေးရွာပေါင်း ၁၀ ကျော်ခန့်ကို စစ်ကောင်စီတပ်သားများက ဝင်ရောက်မေးမြန်းမှုများရှိခဲ့သည့်အတွက် ဒေသခံများစိုးရိမ်မှု မြင့်တက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့မှစ၍ စိုးမဲကျီကျွန်းမှ ပိန္ဒဲချောင်းကျွန်းသို့ရောက်ရှိလာကာ ဖဒူကျွန်းအထိ လမ်းတစ်လျှောက်ကျေးရွာများကို ဝင်ရောက်မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက Western News ကိုပြောသည်။
ယင်းသို့ မေးမြန်းမှုများတွင် ရက္ခိုင့်တပ်တော် AAနှင့် မပူးပေါင်းဖို့ပြောဆိုခဲ့မှုများရှိသလို ကျေးရွာများတွင် အိမ်ထောင်စုများ လူဦးရေ အရေအတွက်များကို မေးမြန်းမှုနှင့် ဘုန်းတော်ကြီးကျောင်းများကို ဝင်ရောက်ကာ ဒေသခံများကို တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း ခံဝန်လက်မှတ်ထိုးခိုင်းမှုများရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
မြောက်ပြင်ဒေသခံတစ်ဦးက “ဖဒူကျွန်းဖက်ကို သွား တုန်းက ကျွန်တော်တို့ရွာမှာ ညအိပ်ခဲ့တယ်။ အပြန် မှာတော့ ချော်ချောင်းမှာ အိပ်တယ်။ အသွားတုန်းက ရွာမှ AAနဲ့ မပူးပေါင်းဖို့ ပြောခဲ့တာရှိပါတယ်။ ရွာသားတွေ အကုန်လုံးကိုခေါ်ပြီး ပြောတာမဟုတ်ပါဘူး။ လမ်းသွားတွေကို ခေါ်ပြီးပြောတာပါ။ သူတို့ လာတာ သတင်းရတာနဲ့ ယောကျာ်းတွေ ရှောင်ခဲ့ရတာတွေရှိပါတယ်။ ကျေးရွာသားတွေလည်း စိုးရိမ်ကြတာပေါ့”ဟုပြောသည်။
စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့်မှာ မြဒဲကျေးရွာမှ ဖဒူကျွန်းထိ စစ်ကြောင်း ၁ ခုနှင့် မြဒဲမှ မြင်းတန်းကျေးရွာကို စစ်ကြောင်း ၁ ခုဖြင့် စစ်ကြောင်း ၂ ခုခွဲကာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။
မြဒဲမှ မြင်းတန်းကျေးရွာ၊ ချီဝေ ကျေးရွာဖက်သို့ ရောက်ရှိခဲ့သည့် စစ်ကောင်စီတပ်သား ၃၀ ကျော်ခန့်မှာ မြင်းတန်းကျေးရွာသို့ ဝင်ရောက်နေထိုင်မှုရှိခဲ့ပြီး ကျေးရွာမှကျောင်းထိုင်ဆရာတော်ကြီးကို ကျေးရွာသားများ ကို တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း ခံဝန်လက်မှတ်ထိုးခိုင်းခဲ့သည်ဟု အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
” အင်အား ၃၀ ကျော်လောက်ရှိပါတယ်။ မြဒဲဖက်ကနေ ကျွန်တော်တို့ရွာကိုလာတာပါ။ ချီဝေကို မသွားခဲ့ကြဘူး။ မြဒဲကို ပြန်သွားကြတယ်။ ရွာက ဆရာတော် ကြီးကိုရွာသားတွေကို ဘာမှ မလုပ်ခဲ့တဲ့ အကြောင်း ခံဝန်ထိုးခိုင်း တယ်တဲ့။ဆရာတော်ကြီးကတော့ လက်မှတ်ထိုးလား မထိုးလားမသိပါဘူး။ ရွာသားတွေကိုတော့ ဘာမှ မလုပ်ခဲ့ဘူး။ ရွာကို ဓာတ်ပုံရိုက်တာတွေ တွေ့ပါတယ်”ဟုပြောသည်။
စစ်ကောင်စီတပ်သားများမှာ မြဒဲမှ ဖဒူကျွန်းလမ်းတစ်လျှောက်တွင် တစ်ချို့ကျေးရွာများ၌ ညအိပ်ကြသလို တစ်ချို့ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း၌ နာရီခြားသာဝင်ရောက်မှုရှိသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သားများပိန္ဒဲချောင်းကျွန်း မြဒဲကျေးရွာမှ မြောက်ပြင်၊ ချော်ချောင်း၊ဂြိုက်ချောင်း၊ အောင်လှပြင်၊ ဖဒူကျွန်းမှ ဖဒူကြီး၊ အလယ်ရွာ၊ ဖဒူချေ၊ ငရုပ်ချောင်း၊ တန်းတင်၊ ပဒင်း စသည့် ကျေးရွာများတွင် တစ်ရွာဝင် တစ်ရွာထွက်ဝင်ရောက်မေးမြန်းမှုရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်သားများမှာ ဖဒူကျွန်းဖက်မှ တဖန် မြဒဲကျေးရွာသို့ ဇန်နဝါရီ ၄ ရက်နေ့က ဇက်ရေယာဉ်ဖြင့် ပြန်လည်ထွက်သွားပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/441937447612765

Leave a Reply

Your email address will not be published.