ပုဏ္ဏားကျွန်း ရန်ကုန် – စစ်တွေအဝေးပြေးလမ်းမပေါ်တွင် အမျိုးသား ၁ ဦး ကားတိုက်ခံရ၍ သေဆုံး

By Narinjara/ 2022 January 7

ဖိုးသောကြာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ရေဖြူကန်စစ်ဘေးရှောင်စခန်းအနီးရှိ ရန်ကုန် – စစ်တွေအဝေးပြေးလမ်းမပေါ်တွင် အမျိုးသား ၁ ဦး ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ ပုဏ္ဏားကျွန်းမြို့နယ် မင်းဂံကျေးရွာမှ အသက် ၄၂ အရွယ် ဦးမောင်ကျော်သန်းဖြစ်ကြောင်း မိးသားစုဝင်များမှ သိရသည်။

ဦးမောင်ကျော်သန်းသည် ယမန်နေ့ ဇန်နဝါရီလ ၆ ရက် ည ၇ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် မင်းဂံကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာဘုန်းကြီးကျောင်း အုတ်မြစ်ချပွဲသို့အသွားတွင် အနောက်မှနေ၍ ကျောက်များသယ်ဆောင်လာသည့်တေပါကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု အကူအညီပေးခဲ့သူ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်သင်း(PDYO)မှ ကိုမောင်မောင်သန်းက ပြောသည်။

“သူ့မှာ ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းမထားဘူး။ အဲလိုအတိုက်ခံရတဲ့အတွက် သူ့ဦးခေါင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့အတွက် ပုဏ္ဏားကျွန်းဆေးရုံကိုပို့ဆောင်တဲ့အခါ လမ်းမှာ သေဆုံးသွားတာဖြစ်ပါတယ်”ဟု ပြောသည်။

ကားတိုက်ခံရ၍ သေဆုံးသူ၏ ဆိုင်ကယ်လည်းပျက်စီးသွားခဲ့သည်ဟု သိရသည်။

ကျောက်သယ် တေပါကားမောင်းသည့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးဝင်းသန်း (၂၂ နှစ်) အား ပုဏ္ဏားကျွန်းမြို့နယ် ရက္ခိုင်ပြည်သူအာဏာပိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

သေဆုံးသူသည် လက်သမားအလုပ်ကိုလုပ်ကိုင်ပြီး သား ၂ ဦးနှင့် သမီး ၁ ဦးကျန်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းအား မင်းဂံကျေးရွာသို့ သယ်ဆောင်နေကြကြောင်း သိရသည်။

ယမန်နေ့နံနက် ၉ နာရီခွဲခန့်ကလည်း စစ်တွေမြို့နယ် ကျောက်တန်းကြီးကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ၃ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

https://www.facebook.com/narinjara.info/posts/5071888372823199

Leave a Reply

Your email address will not be published.