By Western News/ 2022 January 15
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ကယ်ဆယ်ရေးစခန်းတွင် သောက်သုံးရေရှားပါးမည့် အရေးနှင့် ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ခံများက ပြောသည်။
အဆိုပါ စက်မှုဇုန် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် ပြီးခဲ့သည့် နှစ်များကလည်း ပွင့်လင်းရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့ရလေ့ရှိသည့် စစ်ဘေးရှောင် စခန်းတစ်ခုဖြစ်သည်။
လက်ရှိ သုံးစွဲနေကြသည့် ရေပေါက်ချောင်းကျေးရွာမှ ရေကန်များတွင် ရက် ၂၀ ခန့်လောက်သာ သုံးစွဲ၍ရတော့မည့် ရေပမာဏခန့်သာရှိတော့သောကြောင့် သောက်သုံးရေအခက်အခဲရှိနေပြီဟု စခန်းတာဝန်ခံ ဦးဝင်းမောင်က Western News ကိုပြောသည်။
“ ကျွန်တော်တို့ စစ်ဘေးရှောင်က လူတွေကို ရေပေါက်ချောင်းကျေးရွာက သောက်ရေကန် ၂ ကန်မှာ သုံးစွဲခွင့်ပြုထားတယ်။ အဲဒီကန်တွေကလည်း နောက်ထပ် ရက် ၂၀ လောက်ဆိုရင် ရေခမ်းတော့မယ့်အခြေနေတွေ ဖြစ်နေပြီ။ အဲဒီရေကန်တွေသာ ရေခမ်း သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ စခန်းက လူတွေ အရမ်းကို အခက်အခဲဖြစ်ကြရတော့မှာပါ။ ပြီးခဲ့တဲ့ နှစ်ကလည်း ရေအခက်အခဲတွေရှိခဲ့ပြီး အလှူရှင်တွေက လာရောက်ပြီး လှူဒါန်းခဲ့တာတွေကြောင့်သာ အဆင်ပြေခဲ့ရတာဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါ စက်မှုဇုန်စခန်းတွင် ပြီးခဲ့သည့် နှစ်ကလည်း သောက်သုံးရေ ရှားပါးမှုကြောင့် ပရဟိတ လုပ်ငန်းများလုပ်ကိုင်နေသည့် စာရေးဆရာ ဝေဟင်အောင်မှ အဝီစီတွင်းနှင့် ရေကန်များ တူးဖော်ပေးခဲ့သော်လည်း အဝိစီရေတွင်းများမှာ ရေသုံး၍အဆင်မပြေသောကြောင့် ပျက်စီးသွားသလို ပုဏ္ဏားကျွန်းမြို့ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းဝန်းအတွင်း တူးဖော်ပေးခဲ့သည့် ရေကန်မှာလည်း လက်ရှိတွင် သုံးစွဲခွင့်မရဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ စက်မှုဇုံ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ပိန္နဲတော ကျေးရွာ နှင့် ပလက်ဝမြို့နယ် နှမဒါ ကျေးရွာများမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၈၆ စုမှ လူဦးရေ ၆၈၅ ဦးခိုလှုံလျှက်ရှိကြသည်။
https://www.facebook.com/westernnewsagency/posts/447319463741230