By Development Media Group (DMG)/ 2022 January 21

ပုံစာ – မြို့ရွာကျေးရွာ မူလတန်း(လွန်)ကျောင်းကို ယခုရက်ပိုင်းအတွင်းတွေ့ရစဉ်။ (ဓာတ်ပုံ-ကောင်းမြတ်နိုင်)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘဲငါးရာတောင်ခြေအောက်ရှိ “မြို့ရွာကျေးရွာ”၌ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် အခြေခံပညာမူလတန်း(လွန်)ကျောင်းမှာ ပြိုပျက်နေသည့်အတွက် အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါကျောင်းသည် လွန်ခဲ့သည့် ၁၉၈၂ ခုနှစ်ကပင် သွပ်မိုး၊တာလာပတ်ရှာများကာရံပြီး ဝါးများခင်းကာ ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ပျက်စီးနေသည်မှာ ၁၉ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးစိန်အောင်ကပြောသည်။
“ဒီကျောင်းက နိုင်ငံတော်ကချပေးတဲ့ကျောင်းမဟုတ်ဘူး။ ကိုယ်ထူကိုယ်ထနဲ့ ဆောက်လုပ်ထားကြတာ။ အရင်ကတည်းက အစိုးရကိုတင်ပြထားပေမယ့် အကြောင်းပြန်တာမရှိဘူး။ တခြားအဖွဲ့အစည်းတွေက ကူညီတာလည်းမရှိဘူး။ ကျောင်းခုလိုပျက်စီးနေတာက ၁၉ နှစ်ကျော်လောက်ရှိပြီ။ ကျောင်းကိုပြုပြင်လို့ မရတော့ဘူး။ အားလုံးအသစ်ပြန်ဆောက်မှပဲရတော့မယ်”ဟု ၄င်းကပြောသည်။
အဆိုပါကျောင်းသည် လက်ရှိတွင် ဝါးကြမ်းခင်းများပျက်စီးနေသောကြောင့် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအတွက် အလွန်အန္တရာယ်ရှိသည့် အခြေအနေရှိသည်။ ထို့ကြောင့် ခိုင်ခံ့သည့်စာသင်ကျောင်းတစ်ကျောင်း အမြန်ဆုံးတည်ဆောက်ပေးရန်လိုလားသည်ဟု ကျောင်းအုပ်ဆရာကြီးကပြောသည်။
“အခင်းက ဝါးခင်း၊ ယာယီအဆောင်လိုမျိုးပေါ့။ ကျောင်းအသစ် ဆောက်ဖြစ်အောင် ကြိုးစားပေးကြပါ။ အခုသူငယ်တန်းလေးတွေ၊ ပထမတန်းလေးတွေက ဒီတိုင်းမြေပြင်မှာစာသင်နေကြရတယ်”ဟု ဦးစိန်အောင်က DMG ကို ရှင်းပြသည်။
အဆိုပါကျောင်းဆောင်ပျက်စီးနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ၊မရှိ သိရှိလိုသောကြောင့် ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို DMG က ဆက်သွယ်မေးမြန်းရာတွင် အထက်မှခွင့်ပြုချက်ရရှိမှသာ ဖြေဆိုမည်ဆိုသောကြောင့် တုန့်ပြန်ချက်မရရှိခဲ့ပေ။
မြို့ရွာကျေးရွာမှာ ခမီတိုင်းရင်းသားများနေထိုင်ကြပြီး အဆိုပါမူလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၆၃ ဦး တက်ရောက်သင်ကြားနေပြီး ဆရာ/ဆရာမ ၅ ဦးက ပညာသင်ကြားပေးနေကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2207286689423730