နေရပ်မပြန်နိုင်သေးသည့် ရခိုင်စစ်ဘေးရှောင်များ အလုပ်အကိုင်မရှိကြသဖြင့် အကြွေးသံသရာ လည်နေကြရဟုဆို

By Narinjara/ 2022 January 14

ချစ်အိလှိုင်၊ သဉ္စာနွယ်

နိရဥ္စရာ၊ ဇန်နဝါရီ ၁၄/၂၀၂၂
ရခိုင်ပြည်နယ်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ အလုပ်အကိုင်မရှိကြသဖြင့် အကြွေးသံသရာလည်နေကြရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စစ်တွေမြို့ရှိ မေယုဓမ္မစက္ခုပရဟိတကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဒေါ်မေဦးက “ နေ့စား အလုပ်လေးတွေ ထွက်လုပ်ပြီး ရပ်တည်နေကြရတယ်။ အမျိုးသမီးတွေမှာအလုပ်မရှိဘူး။ လုပ်ရင်လည်း အများနည်းတူ လုပ်ခမရဘူး။ အနှိမ်ခံရတယ်လို့ပြောရမလားပဲ။ စားသောက်ဆိုင်တွေ၊ ပန်းရံတွေ လုပ်ကြရင်လည်း အလုပ် အသွားအပြန် လမ်းစရိတ်နဲ့ဘယ်လောက်မှ မကျန်ဘူး။ လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (LWF) အဖွဲ့က ကလာပေးမယ့် ငွေတစ်သောင်းခွဲကိုမျှော်ပြီး ဆိုင်ကအကြွေးဝယ်စားထားတာကို အဲဒီက ရလာတော့ ပြန်ပေးလိုက်ပေါ့။ လက်ထဲမှာတစ်ကျပ်မှ မကျန်ခဲ့ပါဘူး။ တစ်လတစ်လဆိုရင် အကြွေးနဲ့ သံသရာလည်နေတယ်” ဟုပြောသည်။
တိုက်ပွဲများရပ်နေသည့်အတွက် နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်များ ရှိသော်လည်း အချို့မှာ နေရပ်တွင် နေစရာအိမ်မရှိ၊ အလုပ်အကိုင်မရှိကြဘဲ ဖြစ်နေသည့် အပြင် မိုင်းအန္တရာယ်လည်း ရှိနေသဖြင့် နေရပ်မပြန်ရသေးပဲ စစ်ဘေးရှောင် စခန်းများနေထိုင်ကာ နေ့စားကျပန်း အလုပ်များ လုပ်ကိုင် နေကြရကြောင်း၊ နေ့စဉ်အလုပ်မရရှိသူများမှာ စားဝတ်နေရေး ခက်ခဲလာ နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများက နိရဉ္စရာအားပြောသည်။
ကိုဗစ်ကာလအလုပ်အကိုင်ရှားပါးလာသည့်အတွက် စစ်ဘေးရှောင်စခန်းများမှ အမျိုးသားများမှာ ပန်းရံ၊ မြက်နုတ်စသည့် အလုပ်များလုပ်ခွင့်ရရှိသော်လည်း အမျိုးသမီးများမှာ အလုပ်အကိုင် မရှိကြကြောင်း သူမကဆက်ပြောသည်။
“ အစ်မတို့မိသားစုမှာ အမျိုးသားမရှိတဲ့အတွက် ဘယ်သူ့မှာမှအလုပ်မရှိဘူး။ အစ်မလိုပဲ ဒီမှာ အမျိုးသမီး အများကြီး ရှိတယ်။ ကိုယ့်ရွာကို မပြန်ချင်တဲ့လူ ရှိပါ့မလား။ ဒါပေမယ့် ပြန်ရင် အစ်မတို့မှာ နေစရာမရှိဘူး။ အလုပ်မရှိဘူး။ ဒီက အလုပ်ရရင်ငွေလေးဘာလေးစုပြီး ရွာပြန်မှာပါ” ဟုပြောသည်။
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ် တာဝန်ခံဒေါ်မအေးခိုင်ကလည်း အလုပ်အကိုင် မရှိသည့် စစ်ဘေးရှောင်များ အနေဖြင့် စစ်ဘေးရှောင်များအားလစဉ်ထောက်ပံ့သည့် WFP( ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်) မှ လူတစ်ဦးလျှင် ၁၇ဝဝဝ ကျပ်နှင့် လူကယ်ပြန်မှ တစ်နေ့ ဆန်နို့ဆီးဗူးနှစ်လုံးဖြင့် စားဝတ်နေရေး မလုံမလောက် ဖြစ်နေကြ၍ အကြွေးဝယ်ယူသုံးစွဲ၊ ပြန်ဆပ်ဖြင့် နေထိုင်နေကြရကြောင်း ပြောသည်။
“မအေးခိုင်တို့ ဆန်နှစ်ဗူးနဲ့မလောက်ငှဘူး။ သရေစာလည်း စားကြတာ မဟုတ်တော့လေ။ WFP က တစ်လကို တစ်သောင်းခွဲ၊ တစ်သောင်း ခုနစ်ထောင်နဲ့ ဒေါ်လာလည်းမဟုတ်၊ ဘတ်လည်းမဟုတ်၊ မြန်မာငွေ အဲဒီလောက်နဲ့ လုံလောက်ပါ့မလားရှင်။ ရွာပြန်ဖို့မြို့နယ် တာဝန် ရှိသူတွေကလည်း တစ်လ တစ်ခါခေါ်ပြောတာကို ဝမ်းနည်းမိတယ်။ ဘယ်သူကမှ ကိုယ့်အိမ်ကိုယ်မပြန်ချင်ပဲမနေဘူး။ အကြွေးက စခန်းတစ်ခုလုံးမှာ အကြွေးရှိတယ်။ WFP က ပိုက်ဆံ လာရင်ရှင်းရတယ် ” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ စစ်ဘေးရှောင်များဘဝရပ်တည်ရေးအတွက် သက်ဆိုင်ရာ နစကကောင်စီနှင့် NGO အဖွဲ့အစည်းများအနေဖြင့် ရေရှည် ရပ်တည်နို်င်ရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်သည်ဟု စာရေးဆရာ ဝေဟင်အောင်ကပြောသည်။
“စစ်ဘေးရှောင်စခန်းကလူတွေ အိမ်ကိုပြန်ချင်မှာပေါ့။ ဒါပေမယ့် သူတို့မှာ ဘဝရပ်တည်ဖို့အတွက် အခက်ခဲရှိတယ်။ ဘဝရပ်တည်ဖို့အတွက် သက်ဆိုင်ရာ နစကကောင်စီနဲ့ NGOအဖွဲ့တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးဖို့လိုအပ်တယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာတပ်မတော်တို့ အကြား ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ပထမအပတ်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ဘေးရှောင် ၂ သိန်းနီးပါးခန့် အိုးအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံခဲ့ကြကြောင်း ရခိုင်မျိုးနွယ်များအစည်းအရုံး (REC)က ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ ပြီးနောက် နှစ်ဖက် တိုက်ပွဲများ ရပ်တန့် သွားခဲ့သဖြင့် စစ်ဘေးရှောင် အချို့နေရပ်ပြန်သွားခဲ့ကြသည်။
သို့သော်လည်း စစ်ဘေးရှောင် ၉ သောင်းခန့်မှာ စားရေးသောက်ရေး အခက်အခဲ၊ မိုင်းအန္တရာယ်၊ စစ်တပ်များ ကျေးရွာအနီး တပ်စွဲထားမှုများကြောင့် နေရပ်မပြန်နိုင်ဘဲ ကျန်ရှိနေသေးကြောင်း REC ကဆိုသည်။

https://www.facebook.com/narinjara.info/posts/5096060973739272

Leave a Reply

Your email address will not be published.