နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသည့် ကိုတင်ထွန်းအောင်အား စစ်တပ်မှ တစ်ဆင့် စရဖ ကခေါ်ဆောင်သွား

By Western News/ 2022 January 12

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အား စစ်တပ်မှ တစ်ဆင့်စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့နံနက်က ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များကပြောသည်။

ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ပလက်ဝမြို့မရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) အမှုဖွင့်ခဲ့ပြီး ပလကဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့သည်။ ၎င်းအား ဒီဇင်ဘာ ၉ ရက်ညနေပိုင်းက စစ်တပ်ရဟတ်ယာဉ်ဖြင့် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ စစ်တွေသို့ ယူဆောင်လာခဲ့သည်။

ကိုတင်ထွန်းအောင် အားစစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာအနီး စစ်တပ်တစ်ခုတွင်ထိန်းသိမ်းထားပြီး ယနေ့နံနက်ပိုင်းက စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ( စရဖ)ကခေါ်ဆောင်သွားပြီး မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရသေးဟု မိသားစုဝင်တစ်ဦးက Western News ကိုပြောသည်။

“ ကိုတင်ထွန်းအောင်ကို စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာအနီးက စစ်တပ်တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့တော့ ကြားရတယ်။ ဒီနေ့နံနက်ပိုင်းကတော့ အဲဒီ စစ်တပ်ကနေပြီး စရဖ က ခေါ်ဆောင်သွားတယ်လို့သိရတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး”ဟုပြောသည်။

လက်ရှိတွင် ကိုတင်ထွန်းအောင် အားမည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသလို မိသားစုများနှင့်လည်း အဆက်မရ၍ သူ့၏ အခြေအနေကိုစိုးရိမ်းမှုများရှိကြောင်း မိသားစုများကပြောသည်။

ကိုတင်ထွန်းအောင်အား ထိန်းသိမ်းခဲ့သည့် ပါဒလိပ်ကျေးရွာအနီးတွင် စစ်တပ် ၄ ခုရှိပြီး ၎င်းးတို့မှာ ခမရ ၂၃၂ တပ်ရင်း၊ ခလရ ၃၄၄ တပ်ရင်း၊ လက်နက်ခဲယမ်းနှင့် စစ်တပ်သုံးဆောင်ပစ္စည်းများသိုလှောင်သည့် COD တပ်နှင့် ပညာရေး ၁၀ တပ်တို့ရှိကာ မည်သည့်တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့သည်ကို အတိကျမသိရသေးပေ။

ကိုတင်ထွန်းအောင်အား ပလက်ဝမြို့မရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)ဖြင့် အမှုဖွင့်ခဲ့ပြီး ရမန် ၂ ပတ်ယူခဲ့တွင် ယနေ့တွင် ရမန် ၂ ပတ်ပြည့်မည်ရက်ဖြစ်သည်။

ကိုတင်ထွန်းအောင်နှင့် အတူ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ရုပ်ဝကျေးရွာမှ ဦးတင်ဦးတို့အား  အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနတွင် အင်တာဗျုူးဖြေကြားမှုကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့ညနေပိုင်းက ရဲနှင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး  ဒီဇင်ဘာ ၂၉ ရက်နေ့က ဦးတင်ဦးအား ဝန်ခံဖြင့် ပြန်လွှတ်လိုက်ကာ ကိုတင်ထွန်းအောင်အား နိုင်ငံတော်အကြည်ညို့ပျက်စေမှု ၅၀၅(က)ဖြင့်အမှုဖွင့်ထားခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/445433033929873

Leave a Reply

Your email address will not be published.