By Development Media Group (DMG)/ 2022 January 14
ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ခြေလျင်တပ်ရင်းအမှတ်(၂၈၉)၏ တောင်ကုန်းပေါ်တွင် အလံဖြူထောင်သည့်သတင်းကို မီဒီယာထံဖြေကြားခဲ့သည့် ကျန်းမာရေးဝန်ထမ်းအမျိုးသားကို ဆက်လက်စစ်ဆေးရန် ချုပ်ရမန်နောက်ထပ်တစ်ကြိမ် ထပ်ယူထားကြောင်း အမှုဖွင့်အရေးယူခံရသည့် မိသားစုဝင်များထံမှ သိရသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူခံထားရသူ ကျန်းမာရေးဝန်ထမ်း ဦးတင်ထွန်းအောင်မှာ စစ်တပ်မှ အလံဖြူထောင်သည့်ဖြစ်စဉ်ကို ရခိုင်အခြေစိုက် Western News သတင်းဌာနထံ အင်တာဗျူးဖြေကြားခဲ့သဖြင့် ဖမ်းဆီးခံရပြီး သတင်းဌာနမှ ဝန်ထမ်းအချို့မှာလည်း လတ်တလောတွင် တိမ်းရှောင်နေရသည်။
မိသားစုနှင့်လက်ရှိအချိန်ထိ တွေ့ဆုံခွင့်မရရှိသေးသူ ဦးတင်ထွန်းအောင်ကို တရားရုံးမှ ထိန်းသိမ်းစစ်ဆေးရန် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ချုပ်ရမန်ထပ်မံပေးလိုက်ကြောင်း ၎င်း၏အစ်ကိုဖြစ်သူ ဦးမင်းအောင်က DMG သို့ပြောသည်။
“မနေ့က ချုပ်ရမန်ရက်ပြည့်တယ်။ ဒီနေ့ နောက်ထပ်ချုပ်ရမန် ထပ်ယူတယ်ပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိသားစုဝင်တွေဆီကို သူတို့ဘက်ကနေ ဆက်သွယ်အသိပေး အကြောင်းကြားတာမျိုးလည်းမရှိဘူး။ အခုချိန်ထိ ကျနော့်ညီနဲ့ အဆက်အသွယ်မရသေးဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းဖြစ်သူ ဦးတင်ထွန်းအောင်နှင့် ပညာရေးဝန်ထမ်းအမျိုးသားတစ်ဦးတို့မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ပညာရေးဝန်ထမ်းဖြစ်သူမှာ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူခံရသူ ဦးတင်ထွန်းအောင်ကို မည်သည့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဆိုသည့် အကြောင်းအရာကို မသိရှိရသဖြင့် မိသားစုဝင်များက ယင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးမည့်ရှေ့နေကို ငှားရမ်းရန် အခက်အခဲဖြစ်နေသည်။
ဦးတင်ထွန်းအောင်ကို ပလက်ဝမြို့မရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အမှုဖွင့်အရေးယူပြီးနောက် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ၎င်းကို ရခိုင်ပြည်၊ စစ်တွေမြို့သို့ စစ်တပ်မှရဟပ်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း မိသားစုထံမှ သိရသည်။
“ဖမ်းသွားတဲ့နေ့ကတည်းက အခုချိန်ထိ ကျနော်တို့နဲ့ အဆက်အသွယ်မရသေးဘူး။ စစ်တပ်ကခေါ်ယူသွားတယ်ဆိုတော့ ဘာတွေများလုပ်လိုက်ပြီလဲ။ ဘယ်လိုမျိုးရှိနေမလဲလို့ စိတ်ပူနေရတယ်။ ညီဖြစ်သူရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်နေပါတယ်။ သူနဲ့ ဖုန်းတခေါက်လောက်ဖြစ်ဖြစ် ပြောချင်တယ်” ဟု ဦးမင်းအောင်က ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့မရဲစခန်းထံ DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး Western News သတင်းဌာနကို စစ်တပ် ဂုဏ်သိက္ခာညှိုးနွမ်းစေသော သတင်းရေးသား ဖော်ပြခဲ့သည်ဟုဆိုကာ တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ-၁၂၄(က)ဖြင့် စစ်တွေခရိုင်တရားရုံးတွင် အမှုဖွင့်ရန် ဦးတိုက်လျှောက်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ရခိုင်အခြေစိုက် DMG သတင်းဌာနကို အတည်ပြုဖြေကြားထားသည်။
https://www.facebook.com/dmgnewsagency/posts/2202427026576363