နိုင်ငံကျော်အဆိုတော် ညီမင်းခိုင် မင်းပြား ဂီတဖျော်ဖြေပွဲတွင် လက်မောင်းမတော်တဆဖြစ်၍ ဆေးကုသမှုခံယူနေရ

By Narinjara/ 2022 January 23

အိမ်စိုးဖြူ

နိုင်ငံကျော်အဆိုတော် ညီမင်းခိုင်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေနေစဉ် လက်မောင်းမတော်တဆအနာရခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ညီမင်းခိုင်သည် အဆိုပါဂီတဖျော်ဖြေပွဲတွင် ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် ညက စတိတ်စင်ပေါ်မှ ပန်းကုံးများကို ပရိသတ်ဘက်လို့လှမ်းပေးရန် အပေါ်သို့မြှောက်ရာမှ သူ၏ ညာဘက်လက်မောင်းဆုံကျ၍ မင်းပြားဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

မသက်သာ၍ ယနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ် ၂ နာရီခန့်က မင်းပြားမှတဆင့် စစ်တွေရှိ အေးငြိမ်းအထူးကုဆေးခန်းသို့ ပြောင်းရွှေ့ကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ကူညီဆောင်ရွက်ပေးနေသည့် မေတ္တာရောင်ခြည်သွေးလှူရှင်အသင်းဥက္ကဋ္ဌ ကိုလင်းလင်းက ပြောသည်။

“စိုးရိမ်စရာမရှိပါဘူး။ ရောက်ရောက်ချင်း အော်ပရေးရှင်းခန်းဝင်ပြီး လက်မောင်းပြန်တင်လိုက်ပါတယ်။ မနက်ဖြန်ပြန်ဆင်းခွင့်ရမှာပါ” ဟု ပြောသည်။

ရခိုင်အဆိုတော် ရီလှိုင်းပြာကလည်း ညီမင်းခိုင်အခြေအနေမှာ စိုးရိမ်စရာမရှိဘဲ သက်သာနေပြီဟု ပြောသည်။

အဆိုပါဂီတဖျော်ဖြေပွဲကို မင်းပြားလူငယ်များအစည်းအရုံးရန်ပုံငွေရရှိရေးအတွက် မင်းပြားမြို့ စစ်မှုထမ်းဟောင်းကွင်း၊ ကင်းဆိပ်ထွက်ဝ အဝေးပြေးကားဂိတ်အနီးတွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ညီမင်းခိုင်အပါအဝင် အဆိုတော်များဖြစ်သည့် ဝင်းကိုခိုင်၊ ဖော်ကာ၊ မင်းမင်းချေ၊ သားသား(အာရကန်)၊ ရီလှိုင်းပြာ၊ စောနှင်းနွယ်၊ မြတ်မဥ္ဇူနိုင်နှင့် ဂျူးထက်ထက်အောင်တို့က သီဆိုဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5136355309709838

Leave a Reply

Your email address will not be published.