ဒီဇင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့သည့် မအီဂျိုင်အပန်းဖြေစခန်း လာရောက်လည်ပတ်သူများပြား

By Narinjara/ 2022 January 5

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့သည့် မအီဂျိုင် အပန်းဖြေစခန်းမှာ လာရောက် လည်ပတ်သူများပြားနေကြောင်း သတင်းရရှိသည်။

မအီဂျိုင် အပန်းဖြေစခန်းသည် တောင်ကုတ်မြို့နှင့် ၅၆ မိုင်ခန့်အကွာတွင်ရှိပြီး မအီစက်တော်ရာမှ ၃ ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ၎င်းအပန်းဖြေစခန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လူ ၆ ဦးတည်းခိုနိုင်သည့် ဘန်ဂလို ၅ လုံးနှင့် သာမန် ၃ လုံး၊ စုစုပေါင်း ၈ လုံးရှိသည်ဟု မအီဂျိုင်အပန်းဖြေစခန်းတည်ထောင်သူ ကိုဝင်းဇော်က နိရဥ္စရာသတင်းဌာကို ပြောသည်။

“ အဓိကတော့ ဘုရားလည်းဖူး၊ ကုသိုလ်ယူရင်းနဲ့ အနားလာယူလို့ရအောင် ကျနော်တို့ စီစဉ်တာပါ။ လာရောက်တဲ့သူတွေ အဆင်ပြေအောင် ဘန်ဂလို လေးတွေ၊ တဲလေးတွေ ဆောက်ထားပေးပါတယ်။ ဒီလပိုင်းအတွင်း လာတဲ့ သူတွေများလာတယ်”ဟု အပန်းဖြေစခန်း တည်ဆောက်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကိုဝင်းဇော်က ပြောဆိုသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်တွင် မြောက်ဦးဆရာတော်ကြီး တည်ထားသည့် ကျောက်ထွင်း လျောင်းတော်မူ ဆင်းတုတော်၊ ထိုင်တော်မူ ဂျပန်ဘုရားများကြောင့် မအီစက်တော်ရာဘုရားသို့ ဘုရားဖူး လာရောက်သူများပြားပြီး မအီဂျိုင် အပန်းဖြေစခန်းတွင်လည်း အပန်းဖြေစခန်းဖွင့်လှစ်သည့် ဒီဇင်ဘာလမှစပြီး ယနေ့အချိန်ထိ လာရောက်လာပတ်သူများဖြင့် စည်ကားလျက်ရှိသည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအပန်းဖြေစခန်းတွင် တောင်ပေါ်မှ နှင်းကျသည့် ပတ်ဝန်းကျင် မြင်ကွင်းများကို ကြည့်ရှု၍ရသလို ချောင်းရေထဲတွင်လည်း လှေစီးခြင်း၊ ရေချိုးခြင်းများကို ပြုလုပ်၍ရသဖြင့် လာရောက်လည်ပတ်သူများ စိတ်လွတ်လပ်မှုနှင့် စိတ်အပန်းဖြေမှုများကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

အပန်းဖြေစခန်းအားသွားရောက်လည်ပတ်ခဲ့သူ တောင်ကုတ်မြို့နယ်၊ တန်းလွှဲရွာမမြို့မှ ဦးမောင်မောင်က “မြင်ကွင်းတွေက ဆွဲဆောင်မှုရှိတယ်။ စိတ်လွပ်လပ်တဲ့ အရသာကိုခံစားရတယ်။ ပြီးတော့ တည်းခိုစရာနေရာလည်းရှိတော့ အရမ်းအဆင်ပြေတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ အများပြည်သူ တည်းခိုနိုင်ရန် ဘန်ဂလိုများ၊ တဲအိမ်များ ဆောက်လုပ်ပြီး အပန်းဖြေစခန်းဖွင့်လှစ်ရခြင်းမှာ ကိုယ့်ရပ်ကိုယ့်ရွာဒေသကို ဘုရားဖူးလာသူများ အဆင်ပြေပြေ တည်းခိုနေထိုင်နိုင်ရန်နှင့် မိမိဒေသတွင် သာယာလှပသော ရှုမျှော်ခင်းများဖြင့် ပြည့်နှက်နေသည့်နေရာတစ်ခုရှိခြင်းကို လူတိုင်းကိုသိစေချင်၍ ဖြစ်ကြောင်း ကိုဝင်းဇော်က ပြောဆိုသည်။

လာရောက်လည်ပတ်သူများအနေဖြင့် ကိုယ်ကိုယ်တိုင် ထမင်းချက်စားမည်ဆိုပါကလည်း အိုးခွက်ပုကန်များကို အစစအရာရာအဆင်ပြေအောင် စီစဉ်ပေးထားသလို လုံခြုံရေးကိုလည်း တာဝန်ယူပေးထားသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မအီဂျိုင်အပန်းဖြေစခန်းသည် Mountainside Resort အမျိုးအစား ဖြစ်ပြီး အနီးရှိ တောင်ပေါ်တွင် နတ်ရေကန်တစ်ကန်၊ ဒန်းဒီးရေတံခွန်၊ ခြုံချောင်းနှင့် လူသူမသိသေးသော ကျောက်စာ မြေပုံတစ်ချပ်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5065451763466860

Leave a Reply

Your email address will not be published.