ထပ်တိုး တရားစွဲခံထားရသည့် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့ အမှုအတွက် ရှေ့နေလွှဲစာတင်

By Western News/ 2022 January 5

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၀၉ တိုဖြင့်ထပ်တိုး တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့၏ အမှုများအတွက် ရှေ့နေလွှဲစာတင်းသွင်းခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့ကပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုတွင် အဂတိလိုက်စားမှုဖြင့်တရားရင်ဆိုင်နေရသလို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့်ထပ်တိုးတရားစွဲခံရပြီး စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာလည်း အဂတိလိုက်စားမှုနှင့် တရားရင်ဆိုင်နေရပြီး  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) အပြင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၀၉ ဖြင့်လည်း စစ်တွေမြို့နယ် တရားရုံးတွင် ထပ်တိုးတရားစွဲခံထားရခြင်းဖြစ်သည်။

ဒီဇင်ဘာ ၅ ရက်နေ့ ယနေ့ရုံးချိန်းတွင် ဦးညီပုနှင့် ဦးမင်းအောင်တို့၏ ထပ်တိုးတရားစွဲထားသည့် အမှုများအတွက် ရှေ့နေလွှဲစာတင်ခဲ့သည်။

ယင်းအမှုတွဲအား မိတ္ထူကူးခွင့်တင်ထားသည့်အတွက် မည့်သည်ကြောင့်တရားစွဲသည်ကို အတိကျမသိရသေးဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့မှ ရှေ့နေ ဦးဝင်းအောင်က Western News ကိုပြောသည်။

“ဒီနေ့ရုံးချိန်းမှာ ကျွန်တော်တို့ဘက်က ရှေ့နေလွှဲစာတင်ခဲ့ပါတယ်။ ဦးညီပုကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) တစ်ခုတည်းဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး ဦးမင်းအောင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီး ပုဒ်မ ၁၀၉ နဲ့ပါတရားစွဲထားတာပါ။ ဘာကြောင့်စွဲတယ် ဆိုတာတော့ အမှုတွဲအား မိတ္ထူကူးခွင့် တင်ပြထားပြီး အမှုတွဲသေချာကြည့်ပြီး ပြောနိုင်မှာဖြစ်တယ်။ရွေးကောက်ပွဲ ကိစ္စဖြစ်ဖို့များတယ်။  လာမည့်ရုံးချိန်းကိုတော့ ဇန်နဝါရီလ ၁၄ ရက်ကို ထပ်ချိန်းလိုက်ပါတယ်”ဟု ပြောသည်။

ဦးညီပုနှင့် ဦးမင်းအောင်တို့အား ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ဒု- ညွှန့်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ ဖြင့်စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးညီပုနှင့် ဦးမင်းအောင်တို့တွင် စစ်တွေအကျဉ်းထောင်တရားရုံး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်လည်း တရားရင်ဆိုင်နေကြရသည်။

ထို့အပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည်။

https://www.facebook.com/westernnewsagency/posts/441377384335438

Leave a Reply

Your email address will not be published.