By Western News/ 2022 January 26

CRPHနှင့် PDF တို့အားငွေကြေးထောက်ပံသည်ဟု ဆိုကာတရားစွဲခံထားရသည့် ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ- ကွန်ရက်(AAYON)အဖွဲ့ဝင်နှင့် တောင်ကုတ် လူငယ်များကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးအား သံတွဲခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
ယနေ့ဇန်နဝါရီ ၂၆ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ်မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ပြီး လာမည့်ရုံးချိန်းတွင် တရားလိုနှင့်လိုပြသက်သေများအား စတင်စစ်ဆေးမည်ဖြစ်သလို အမှုအား ရက်ပေါင်း ၁၁၀ အတွင်း အပြီးစစ်ဆေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။
“ဒီနေ့ရုံးချိန်းမှာ အပြီးသတ်မှုခင်းဆိုင်ရာစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်တယ်။ တရားလိုနဲ့ လိုပြသက်သေကစုစုပေါင်း ၉ ယောက်ပါတယ်။ ရုံးချိန်း တစ်ချိန်းမှာ ၃ ယောက်စီစစ်ဆေးသွားမှာပါ။ ဖေဖော်ဝါရီလ ၇ ရက်နေ့ရုံးချိန်းမှာတော့ တရားလိုနဲ့လိုပြသက်သေနှစ်ယောက်စစ်ဆေးသွားမှာပါ။ အမှုကိုတော့ ရက်ပေါင်း ၁၁၀ အတွင်းအပြီးစစ်ဆေးသွားမယ်လို့ပြောတယ်။ တရားလိုနဲ့ လိုပြတွေကို ၅၅ ရက်နဲ့ တရားခံနဲ့ ခံပြတွေကို ၅၅ ရက် စုစုပေါင်း ၁၁၀ ရက်နဲ့ အပြီးစစ်မယ်လို့ပြောထားတယ်”ဟုပြောသည်။
ကိုမင်းကိုဦးအား CRPH၊ PDF တို့အားငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ၎င်း၏နေအိမ်မှဖမ်းဆီးသွားပြီး သံတွဲခရိုင်တရားရုံးတွင် တောင်ကုတ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လတ်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဖမ်းဆီးတရားစွဲခံထားရသည့် ကိုမင်းကိုဦးမှာ တောင်ကုတ်မြို့တွင် ပရဟိတလုပ်ငန်းများ၊ ကိုဗစ်ကာလတွင် ကျပ်တည်းနေသူများအား ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။
ကိုမင်းကိုဦးအပါဝင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် လူငယ်များအားပြန်လည်လွှတ်ပေးရန်လ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်များ-ကွန်ရက် ( AAYON) မှဇန်နဝါရီလ ၇ ရက်နေ့ကထုတ်ပြန်ချက်တစ်စောင့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်းတွင် ဒေသဖွံ့ဖြိုးရေးကိုဦးဆောင်လုပ်ကိုင်နေကြသော လူငယ်များအား သက်သေအထောက်အထားတစ်စုံတစ်ရာခိုင်လုံမှုမရှိဘဲ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့စည်းများကွန်ရက်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော တောင်ကုတ်မြို့နယ် လူငယ်များကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ကိုမင်းကိုဦးစစ်ကောင်စီက ဖမ်းဆီးထားကြောင်းထုတ်ပြန်သည်။
ထိုကြောင့် စစ်ကောင်စီအနေဖြင့် ယခုကဲသို့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသော ကိုမင်းကိုဦးအား သံသယဖြင့်စွပ်စွဲခြင်းအပေါ် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ ပြင်းထန်စွာရှုံ့ချပြီး ၎င်းအား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၈ ဦးထိရှိလာပြီးဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/453963376410172