By Western News/ 2022 January 24
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်ထဲတွင် စက်သုံးဆီဆိုင် ဆောက်လုပ်ရန်စီစဉ်နေမှုအပေါ်ကန့်ကွက်မှုပြုလုပ်မည့် ဆန္ဒပြပွဲအား ရက်ရွေ့ဆိုင်းထားရသည်ဟု ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်မည့် သူများကပြောသည်။
တာဝန်ရှိလူကြီးများလာရောက်မည်ဖြစ်၍ တောင်ကုတ်မြို့နယ်မှူးမှ အဆိုပါနေ့တွင် ပြုလုပ်ခွင့်ကို ခွင့်မပြုသည့်အတွက် ရက်ရွေ့ထားရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုသက်နိုင်က ပြောသည်။
“တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲနဲ့ လူကြီးတွေရောက်မှာကြောင့် သူတို့ရှေ့မှာ ဆူဆူပူပူမဖြစ်စေချင်လို့ ဆိုပြီး ကျနော်တို့ အဲ့နေ့မလုပ်ရဘဲ တစ်ခြားနေ့ ရွေ့ခိုင်းတာပေါ့။ ဒီတော့ ကျနော်တို့ ၂၈ ရက်နေ့မှာထပ်တင်ပြီး ၂၉ ရက်နေ့မှာ လုပ်ဖို့စီစဉ်ထားတယ်”ဟုပြောသည်။
လူနေရပ်ကွက်ထဲတွင် စက်သုံးဆီဆိုင်ဆောက်လုပ်ရန်ကိစ္စအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြရန် လုပ်ဆောင်ခဲ့သော်လည်း မြို့နယ်မှူး ပြလုပ်ခွင့်မပြုဘဲ အခုကဲ့သို့ ရွေ့ဆိုင်းလိုက်ရခြင်းဖြစ်ပြီး ၎င်းပွဲအား လာမည့် ၂၉ ရက်နေ့တွင် လုပ်ရန် စီစဉ်ထားကြောင်း ပွဲစီစဉ်သည့် တာဝန်ရှိသူများကပြောသည်
အဆိုပါစက်သုံးဆီဆိုင်ကို လူနေရပ်ကွက်အတွင်း ဖွင့်ထားခြင်းအပေါ် ပထမအကြိမ်ကန့်ကွက်ကြောင်းဒေသခံ ၁၀၀ ကျော်လက်မှတ်ရေးထိုးပြီး ပြီးခဲ့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့်ကို စာတင်တိုင်ကြားခဲ့ ထူးခြားမှုမရှိ၍ ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကောင်းဆိုသည်။
“ဒီလို လူနေအိမ်တွေကြားထဲမှာ စက်သုံးဆီဆိုင်ဆောက်လုပ်တာတွေကို မလုပ်ဖို့ အရင်တုန်းကလည်း အစည်းအဝေးတွေလုပ် ပြီးဆုံးဖြတ်ထားကြတာရှိတယ်။ ခုကပြန်ပြီး ဆောက်လုပ်ဖို့တွေ ဖြစ်လာတော့ ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ကန့်ကွက်မှာပါပဲကျနော်စာတင်ပြီးတော့ တိုင်ကြားခဲ့တယ်။ ဘာမှ အကြောင်းပြန်လာတာမရှိခဲ့ပါဘူး။ ဒါကြောင့် ဆန္ဒပြပွဲကို ကျနော်ကို့ ၂၂ ရက်နေ့လုပ်မယ်ဆိုပြီး စီစဉ်ထားကြတာ”ဟု ကိုသက်နိုင်ကပြောသည်။
တောင်ကုတ်မြို့တွင် ယခင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလထဲ၌ မြို့ထဲတွင် ဆောက်လုပ်ထားသည့် စိန်ပန်းတိုင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခြင်းရှိခဲ့ပြီး ၎င်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် မြို့ဧရိယာ စည်ပင်နယ်နိမိတ်အတွင်း၌ စက်သုံးဆီဆိုင်များ ဆောက်လုပ်ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာနှင့် ရပ်မိရပ်ဖများက အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ဆုံးဖြတ်ချမှတ်ခဲ့သကဲ့သို့ မြို့နယ်ရှိ အာဏာပိုင်အဆင့်ဆင့်မှ ညွှန်ကြားမှုရှိခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှာ ယခင် မြို့ထဲတွင်ရောင်းချမှုများရှိခဲ့သော်လည်း နောက်ပိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရနှင့် သက်ဆိုင်ရာတို့၏ ညွှန်ကြားချက်အရ မြို့ပြင်ဘက်တွင်သာ ဆောက်လုပ်ခွင့်ပြုထားပြီး လက်ရှိဆောက်လုပ်မည့် ဆိုင်မှာလည်း လူနေအိမ်များကြားတွင် ဖြစ်နေသည့်အတွက် ကန့်ကွက်ရမည်ဖြစ်သည်ဟု တောင်ကုတ်ဒေသခံ ကိုအောင်မျိုးမြတ်က ပြောသည်။
“အရင်တုန်းကတော့ စက်သုံးဆီဆိုင်တွေမြို့ထဲမှာ ရောင်းချတာတွေရှိခဲ့တယ်။ နောက်ပိုင်း မြို့နေလူထုကလည်း မလိုလားဘူး။ အာဏာပိုင်တွေကလည်း ရောင်းချခွင့်မပြုတော့ ဆီဆိုင်တွေအကုန်မြို့ပြင်မှာပဲရောင်းကြရတယ်။ အခု ဆောက်မယ့် ဆီဆိုင်ကိုလည်း ကန့်ကွက်နေရတာက လူနေအိမ်ကြားထဲမှာဖြစ်နေတယ်။ ပြီးတော့ ဆိုင်ရှေ့မှာ လည်း အာလိန်ငါးဆင့် ဘုန်းကြီးကျောင်းတစ်ဆောင်ရှိနေတယ်။ ဒီနေရာမှာ ဆီဆိုင်ဆောက်ဖို့ကဆိုတာ ဘေးပတ်ဝန်းကျင်တွေအတွက် အန္တရာယ်များလွန်းတယ်” ဟုပြောသည်။
ယခု လူနေအိမ်ကြားတွင် စက်သုံးဆီဆိုင်ဆောက်လုပ်မည်ကို မြို့နယ်မှူးနှင့် ခရိုင်မှူးတို့မှ ခွင့်ပြုချက်ပေးထားခြင်းဖြစ်သည်ဟု သိရပြီး ယခင်ကဲ့သို့ ဆီဆိုင်မီးလောင်မှုဖြစ်လျှင် ၎င်းအနီးရှိ လူနေအိမ်အဆောက်အအုံများ ကူးစက်မလောင်ကျွမ်းနိုင်ဟု အာမမခံနိုင်သည့်အတွက် ကိုင်းရှည်ရပ်ကွက်မှ ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။
ယခု တောင်ကုတ်မြို့ထဲရှိ လူနေအိမ်များနှင့်အနီးတွင် ဆောက်လုပ်ခွင့်ရထားသည့် စက်သုံးဆီဆိုင်၏ ပိုင်ရှင်မှာ မအီမြို့တွင်နေထိုင်သူ ဦးထွန်းကြွယ် ဖြစ်ပြီး တောင်ကုတ်မြို့တွင် ၎င်းပိုင်ဆိုင်သည့် “မိဘဂုဏ်” လိုင်းဆွဲကား လုပ်ငန်းတစ်ခုလည်း ရှိသေးသည်ဟု သိရသည်။
https://www.facebook.com/westernnewsagency/posts/452766249863218