တပ်မတော်အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကိုတင်ထွန်းအောင်ကို ရမန် ၂ ပတ်ထပ်ယူ၊ အဆက်အသွယ်လုံးဝမရရှိသေး၍ စိုးရိမ်နေဟု မိသားစုများပြော

By Narinjara/ 2022 January 13

မြထွီးသျှင်

တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်စစ်ဆေးခံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်အား ရမန် ၂ ပတ်ထပ်ယူလိုက်သည်ဟု မိသားစုဝင်များမှ သိရသည်။

ကိုတင်ထွန်းအောင်ကို စတင်ဖမ်းဆီးချိန်က ယူထားခဲ့သည့်ရမန် ၂ ပတ်ပြည့်သော ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ပလက်ဝမြို့နယ်တရားရုံး၌ ထပ်မံ၍ ရမန် ၂ ပတ်ယူခဲ့ကြောင်း သူ၏မိသားစုဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

“ရုံးချိန်းက ၂၇ ရက်နေ့ကိုချိန်းတယ်။ ပလက်ဝကရဲနဲ့တရားရုံးဆီက သိရတာ။ အဲဒီမှာပဲရမန်ယူတယ်။ အခုတော့ တပ်ထဲမှာပါပဲ။ ကျနော်တို့စုံစမ်းတာကတော့ ဘယ်တပ်မှန်းလဲမသိဘူး”ဟု ပြောသည်။

ကိုတင်ထွန်းအောင်အား ပြီးခဲ့သည့်ဇန်နဝါရီလ ၁ဝ ရက်တွင် ပလက်ဝမှ စစ်ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ခေါ်ဆောင်သွားခဲ့ပြီး စစ်တွေတပ်နယ်ရှိ တပ်ရင်းတစ်ခုတွင် ရှိနိုင်သည်ဟု မိသားစုဝင်များက ပြောသည်။

သို့ရာတွင် ပလက်ဝရဲစခန်းနှင့် ပလက်ဝမြို့နယ်တရားရုံးကို မိသားစုဝင်များသွားရောက်မေးမြန်းခဲ့ရာ ကိုတင်ထွန်းအောင်သည် ပလက်ဝတွင်သာရှိသည်ဟု ဖြေကြားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အားမည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို အတိအကျမသိရသေးသောကြောင့် ရှေ့နေငှားရမည်ကို စဉ်းစားနေရဆဲဖြစ်ကြောင်း မိသားစုများက ဆက်ပြောသည်။

“အဲမှာတစ်ခုခုဆိုရင် ကျနော်တို့ကိုအကြောင်းကြားရမယ်လေ။ ဘယ်ကိုပဲခေါ်ခေါ် သူတို့လက်ထဲမှာ ရှိနေတာပါပဲ။ သူတို့ဘာလို့ခေါ်သွားမယ်၊ စစ်ဆေးဖို့ရှိတယ်ဆိုတာတွေကိုတော့ ကျနော်တို့ကိုပြောသင့်တယ်။ အဲလိုမပြောတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေရတယ်အခု။ ဘယ်လိုနေရာကိုခေါ်သွားသွား မိသားစုဝင်တွေကို ပွင့်လင်းမြင်သာစွာပြောရင် ပိုကောင်းမယ်”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့မရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သော ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းနောက် ကိုတင်ဦးသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့ပြီး ကိုတင်ထွန်းအောင်သည် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(က)ဖြင့် ပလက်ဝမြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၃ဝ ရက်က အမှုဖွင့်ခံခဲ့ရသည်ဟု သိရသည်။

ယင်းနောက် သူ့ကို ပလက်ဝနယ်မြေခံတပ်ရင်း ခလရ ၂၈၉ တွင် ထိန်းသိမ်းထားခဲ့သည်ဟုလည်း သိရသည်။

၎င်းတို့ ၂ ဦးသည် စစ်တပ်တွင် အလံဖြူထောင်သည့်ကိစ္စကို သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေဆိုထားခြင်းကြောင့် ဖမ်းဆီးခံရသည်ဟု ပလက်ဝမြို့ ဒေသခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5089562257722477

Leave a Reply

Your email address will not be published.