ညောင်ချောင်းစစ်ရှောင်စခန်းမှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေဟုဆို

By Voice Of Westland/ 2022 January 20

ဓာတ်ပုံ – ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းတွင်ရှိသည့် စစ်ဘေးရှောင်စခန်းများထဲမှ အကြီးဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေပြတ်လတ်မှုနဲ့ ကြုံတွေ့နေရပြီး လက်ရှိသောက်သုံးနေသော ရေများမှာလည်းမသန့်ရှင်းသည့်အတွက် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားလျက်ရှိသည်ဟု ယင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က VOW သတင်းဌာနကို ပြောသည်။

ညောင်ချောင်းကျေးရွာတွင် ရေကန်ငါးကန်ရှိသော်လည်း ကျေးရွာရှိလူဦးရေ ၂၀၀၀ ကျော်နှင့် စစ်ရှောင်စခန်းမှ လူဦးရေ ၃၀၀၀ ကျော်တို့ မျှဝေသုံးစွဲနေရသောကြောင့် အဆိုပါရေကန်များမှာ ခမ်းခြောက်လာပြီးရေများမှာ အနံ့အသက်ဆိုးရွားလာသည်ဟု သူကပြောသည်။

“ကျွန်တော်တို့ ဒီမှာရေကောင်းရေသန့်မရတဲ့အတွက် ရေကကုန်ခါနီးပြီဆိုတော့ ရေကန်မှာအနံ့နံလာပါတယ်။ တချို့ကလေးငယ်တွေဆိုရင် အဲဒီရေကိုသောက်သုံးရလို့ ဝမ်းပျက်ဝမ်းလျှောတောင် ဖြစ်နေကြပါပြီ။ ကျန်းမာရေး ထိခိုက်လာတာတွေကို ကြိုကြားကြိုကြားတွေ့နေရပါတယ်။ ဆေးခန်းကိုလွှတ်နေရတာတာ တွေရှိနေပါတယ်” ဟု စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော် နေထိုင်လျက်ရှိသည်။သောက်သုံးရြေပတ်လတ်မှု ကြုံတွေ့လာနိုင်သည့်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အစည်းအဝေးတစ်ခုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကိုတင်ပြခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာတုန့်ပြန်ဆောင်ရွက်ခြင်းမရှိသေးကြောင်း သူကပြောသည်။

“မနှစ်ကလည်း ရေရှားပါးမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ညောင်ချောင်းရွာအပါအဝင် စစ်ဘေးရှောင်စခန်းတွေပေါ့။ အခုတော့ ကျွန်တော်တို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြထားတယ်။ ဒါပေမယ့် တစ်စုံတစ်ရာတုန့်ပြန်ပြီးတော့ ဆောင်ရွက်တာမျိုးမရှိသေးပါဘူး။ လက်ရှိမှာတော့ အရင်နှစ်ကဇီးချောင်းဆည်က တစ်လက်မခွဲပိုက်နဲ့ သွယ်ထားတဲ့ပိုက်လိုင်းတစ်ခုကရေထွက်နေတာ နည်းနည်းရှိပါတယ်။ အဲဒီပိုက်မှာ တန်းစီပြီးတော့ခပ်နေရပါတယ်။ သောက်သုံးရေနဲ့ပတ်သက်ပြီး ကူညီပေးစေချင်ပါတယ်”ဟု ဦးခိုင်မျိုးအောင်ကပြောသည်။

လက်ရှိစစ်ဘေးရှောင်စခန်းဘေးမှ ရေအနက်သုံးပေလောက်သာကျန်သည့်ရေကန်မှာလည်း ဇဝက်သာလိုက်၍ ရေများတွင် အချဉ်ဓာတ်ပေါက်နေသောကြောင့် သောက်သုံး၍အဆင်မပြေဖြစ်နေသည်ဟု သူကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးကို VOW ကဆက်သွယ်မေးမြန်းရာ ခရီးလွန်နေသည့်အတွက် ဒုဦးစီးကို ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့်ဖြေကြားခွင့်မရှိကြောင်း ပြောသည်။

နွေဦးရာသီရောက်လာသည်နှင့်အမျှ စစ်ဘေးရှောင်စခန်းအများစုမှာ သောက်သုံးရေပြတ်လတ်မှု ကြုံတွေ့ရတတ်ပြီး မသန့်ရှင်းသည့်ရေကိုသောက်သုံးနေရမှုကြောင့် အချို့သောကလေးငယ်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဝေဒနာကို ခံစာရသူများလည်းရှိသလို သေဆုံးသူများလည်းရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများ၏ ပြောပြချက်အရ သိရသည်။

https://www.facebook.com/VOW2ppl/posts/143468491405870

Leave a Reply

Your email address will not be published.