ညောင်ချောင်းစစ်ရှောင်စခန်းတွင် ရေမသန့်ရှင်းမှုကြောင့် ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွားနေ

By Development Media Group (DMG)/ 2022 January 22

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို ကလေးငယ်များ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

လက်ရှိ စစ်ဘေးရှောင်များအသုံးပြုနေကြသည့် ရေကန်များမှာ ရေခမ်းခြောက်ခြင်း၊ နောက်ကျိခြင်း၊ အနံ့နံခြင်းတို့ဖြစ်လာကာ ထိုရေများကို စစ်ဘေးရှောင်တို့က ခပ်ယူသောက်သုံးနေရသောကြောင့် ယခုရက်ပိုင်းအတွင်းမှာ ကလေးငယ်များ ဝမ်းအောင့်၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်နေခြင်းဟု စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က DMG ကို ပြောသည်။

“တစ်နေ့ကို အနည်းဆုံး သုံး၊ လေး၊ ငါးယောက်ကတော့ နေမကောင်းဖြစ်တာရှိတယ်။ တချို့က ဆေးခန်းသွားပြပြီးတော့ သက်သာသွားတာရှိတယ်။ နေ့တိုင်းလိုလို နေမကောင်းတဲ့ကလေးတွေရှိနေတယ်။ ဝမ်းလျှောတယ်၊ ဝမ်းအောင့်တာတို့ဖြစ်ကြတာ။ ဖြစ်ဖြစ်ချင်းမှာတော့ သရက်တပင်ကျေးလက်ကျန်းမာရေး ဌာနကိုပို့တယ်။ အဲဒီကတဆင့် အဆင်မပြေဘူးဆိုရင် ကျောက်တော်ဆေးရုံကြီးကိုသွားရတာရှိတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ၎င်းတို့မှာ ကျောက်တော်မြို့နယ် တင်းမ၊ ပြိုင်းတိုင်း၊ သာစည်၊ မာလာကျေးရွာအပြင် ပလက်ဝမြို့နယ်မှ ကျေးရွာတချို့က လာရောက်ခိုလှုံနေကြသူများဖြစ် ကြောင်း သိရသည်။

လက်ရှိစခန်းတွင် ရေခမ်းခြောက်လာသည့်အတွက် စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ် ဇီးချောင်းရေလှောင်တမံမှ ပိုက်ဖြင့်သွယ်ယူကာအသုံးပြုနေကြသော်လည်း ရေလာနည်းသည့်အတွက် ခပ်ယူသုံးစွဲရာတွင်အဆင်မပြေဖြစ်နေကြောင်း သိရသည်။

“ကျွန်တော်တို့စခန်းကို ဇီးချောင်းရေလှောင်တမံကနေ ပိုက်ငယ် လေးနဲ့သွယ်ထားတဲ့ ရေလမ်းကြောင်းတစ်ခုတော့ရှိတယ်။ အဲဒီကရေကို တန်းစီပြီးခပ်နေရတယ်။ အဲဒီရေက သန့်ရှင်းတယ်။ ဒါပေမယ့် ရေကနည်းနည်းပဲလာတာလေ။ လူဦးရေကများတယ်ဆိုတော့ ရေခပ်ဖို့အဆင်မပြေဘူး၊ အခက်ခဲဖြစ်နေကြတယ်” ဟု ဦးခိုင်မျိုးအောင်က ရှင်းပြသည်

အဆိုပါ သောက်သုံးရေမသန့်ရှင်းမှုများကို ကူညီဖြေရှင်းပေးရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာကူညီပေးသည့်အဖွဲ့အစည်းများသို့ အကြောင်းကြားတင်ပြထားသော်လည်း လာရောက်ကူညီပေးခြင်းတို့မရှိသေးကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2207950239357375

Leave a Reply

Your email address will not be published.