စစ်တွေ မေယုလမ်းတစ်လျှောက်ရှိ စျေးဆိုင်ခန်းများ ဆက်လက်ဖယ်ရှားခံနေရ

By Narinjara/ 2022 January 12

သဥ္ဇာနွယ်၊ မြထွီးသျှင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မေယုလမ်းတစ်လျှောက်ရှိ စျေးဆိုင်ခန်းများသည် ယနေ့တွင်လည်း ဆက်လက်ဖယ်ရှားခံနေရကြောင်း သိရသည်။

စစ်တွေမြို့၊ မေယုလမ်းတစ်လျှောက်ရှိစျေးဆိုင်ခန်းများအနက် ဝေသာလီအားကစားကွင်းရှေ့ရှိ ထမင်းဆိုင်၊ ကွမ်းယာဆိုင်စသည့် ဆိုင်ခန်း ၄ ခန်းသည်ယနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်တို့်၏ ရှင်းလင်းဖယ်ရှားခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု စျေးရောင်းနေသူတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ကျမတို့ ဒီမှာရောင်းစားလာတာ နှစ် ၂၀ ကျော်ပြီ။ စည်ပင်ခ ၃၀၀ ပေးကတည်းက။ ခုဆို တစ်လကို ၁၅,၀၀၀ ပေးရတယ်။ ကျမတို့မှာ ဒီဆိုင်လေးတွေနဲ့ အသက်မွေးရတယ်။ သားသမီးပညာရေးတွေကလည်း တစ်ဖက်။ သက်ဆိုင်ရာတွေကိုလည်း အသနားခံစာတောင်းဖူးတယ်။ ဘာတစ်ခုမှ တုံ့ပြန်တာမရှိခဲ့ဘူး”ဟု ပြောသည်။

လမ်းတစ်လျှောက်ရှိ နောက်ထပ်ဆိုင်ခန်းများကိုလည်း နောက်နေ့များတွင် ဆက်လက်ဖယ်ရှားသွားဦးမည်ဟုလည်း သိရသည်။

မေယုလမ်းတွင် စျေးရောင်းသူ နောက်ထပ်တစ်ဦးကလည်း “အရမ်းခံစားရတယ်။ ရခိုင်သူ ရခိုင်သားတို့ ကိုယ်ချင်းစာတရားရှိကြပါ။ မိသားစုတိုင်းမှာ သားသမီး ပညာရေးတွေရှိတယ်။ ဆယ်တန်း ကျောင်းသူ ၂ ယောက်ရှိတယ်။ ကျမတို့ဘဝ အခက်အခဲတွေဖြစ်နေရပါပြီ”ဟုပြောသည်။

ရခိုင်ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက စစ်တွေမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီရန်ဟုဆိုကာ မေယုလမ်းတစ်လျှောက်ရှိ စျေးဆိုင်ခန်းများအား ရှင်းလင်းဖယ်ရှားသွားမည်ဟု ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ယင်းနောက် ဇန်နဝါရီလ ၁ဝ ရက် ညနေ ၃ နာရီခွဲခန့်မှစတင်ကာ မေယုလမ်းရှိ စစ်တွေလောကာနန္ဒာဘုရား မြောက်ဘက်မုခ် ဘေးပတ်လည်မှဆိုင်ခန်းများကို စတင်ဖယ်ရှားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါဆိုင်ခန်းများသည် လောကာနန္ဒာဘုရားဝင်းထဲတွင် ယာယီဖွင့်လှစ်ရောင်းချနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကလည်း စစ်တွေအဝေးပြေးကားဂိတ်ရှေ့မှ မီးစက်ကြီးလမ်းဆုံရေပန်းအဝိုင်းအထိ မေယုလမ်းတစ်လျှောက်ရှိလမ်းဘေးဆိုင်ခန်း ၂ဝ ခန့်နှင့် ကားဂိတ်ရှေ့ရှိ ထမင်းဆိုင်တန်း၊ ကွမ်းယာဆိုင်၊ ဖရဲသီးပွဲရုံစသည့် ဆိုင်ခန်း ၁ဝ ခန်းတို့ကို မြို့နယ်စည်ပင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖြိုဖျက်ခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5086776704667699

Leave a Reply

Your email address will not be published.