စစ်တွေမြို့အုန်းတပင်ရပ်ကွက်ရှိ မူလတန်းကျောင်း မြေဖို့ပေးရန်လိုအပ်နေ

By Voice Of Westland/ 2022 January 21

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အုန်းတစ်ပင်ရပ်ကွက်ရှိမူလတန်းကျောင်းသည် ရေပြည့်လျှံနေသောကြောင့် ကျောင်းသူ ၊ကျောင်းသားများ အနေဖြင့် ဆော့ကစားရန်နေရာမရှိသလို ကျန်းမာရေးအတွက်လည်း စိုးရိမ်နေရကြောင်း ကျောင်းသားမိဘများက VOW ကိုပြောသည်။

“မိုးရာသီရောက်လို့ရှိရင် မိုးရေတွေ၊ ဒီရေတွေနဲ့ ကျောင်းဝင်းထဲရေတွေပြည့်လျှံနေတယ်။ အဲဒီရေတွေက KG ကလေးတွေရဲ့အရပ်ကျော်ကျော်လောက်ကိုရှိတော့ ကလေးတွေပြုတ်ကျမှာကိုတောင်စိုးရိမ်ရတယ်။ နောက်ပြီး ကလေးတွေ အိမ်သာသွားတဲ့အခါမျိုးဆိုရင်လည်း ရေတွေကပြည့်နေပြီးအဆင်မပြေဘူး။ ရေတွေမရှိရအောင်မြေတွေဖို့ပေးစေချင်ပါတယ်” ဟု တတိယကျောင်းသား၏ မိခင်ဖြစ်သူ ဒေါ်ညိုညိုအေးက VOW ကိုပြောသည်။

အဆိုပါကျောင်းသည် မေနေရာနိ်မ့်သည့်အတွက်ကြောင့် မိုးရေနှင့် ဒီရေတက်သည့်အခါ ရေများမှာဆင်းမသွားဘဲ တင်ကျန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခြင်ကတစ်ဆင့် ကူးစက်တတ်သည့်ရောဂါများကူးမည်ကိုလည်း စိုးရိမ်ကြောင်း ယင်းကျောင်းတွင် ပညာသင်ယူနေသည့် ဒုတိယတန်းကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။

“ရွာမြေက ကျောင်းမြေထက်မြင့်တော့ ရွာထဲကရေတွေလည်း ကျောင်းထဲကိုပဲစီးဆင်းကြတယ်။ ရေသွားမဲ့မြောင်းမရှိတော့ တစ်နှစ်ပတ်လုံးရေကကျောင်းဝင်းထဲမှာဘဲ အိုင်ခံနေတယ်လေ။ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရပါတယ်။ အခုဖြစ်နေတဲ့ပုံစံက ကျောင်းအင်္ဂါရပ်နဲ့ မညီတော့ဘူး” ဟု ဒုတိယတန်းကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။

စစ်တွေမြို့၊ အုန်းတစ်ပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း “ဒီလိုရေပြည့်လျှံနေတာ ဒီ ၄ နှစ် ၅ နှစ်တွင်းမှာဖြစ်တာမဟုတ်ဘူး။ ရေပြင်ပေါ်မှာကျောင်းဆောက်ထားတာ အစိုးရကလည်းပံ့ပိုးမှုမရှိဘူး။ ရပ်ကွက်ကလည်းဆင်းရဲတဲ့အတွက် မလုပ်နိုင်ဘူး။ ဒါတွေကိုသဲဖို့ရမယ်။ ရပ်ကွက်ကလူငယ်လေးတွေလုပ်ဖို့အစီအစဉ်တော့ရှိတယ်။ သင်္ကြန်မကျခင်အချိန်လောက်ပေါ့။ ဒါပေမဲ့ မသေချာသေးပါဘူး” ဟု VOW ကို ပြောသည်။     

အဆိုပါ ကိစ္စနဲ့ပတ်သက်၍ ကျောင်းအုပ်ဆရာကြီးကို မေးမြန်းဖို့ကြိုးစားသော်လည်း မြို့နယ်ပညာရေးမှူး၏ ခွင့်ပြုချက်ရမှသာ ကျောင်းကိစ္စများကိုပြောဆိုနိုင်မည်ဟု ဆိုသည့်အတွက် မြို့နယ်ပညာရေးမှူးကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားရာ အဆက်အသွယ်မရရှိခဲ့ပေ။

https://www.facebook.com/VOW2ppl/posts/143678434718209

Leave a Reply

Your email address will not be published.