By Narinjara/ 2022 January 15
သဥ္ဇာနွယ်
ဓာတ်ပုံ – စစ်တွေတွင် တစ်လမ်းမောင်းစနစ်သတ်မှတ်ထားသည့် ရေတွင်းလမ်းအား တွေ့ရစဉ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လမ်းအချို့ကို တစ်လမ်းမောင်းစနစ်သတ်မှတ်ထားမှုအပေါ် အသိပညာပေးမှုအားနည်း၍ ပြည်သူများ အရေးယူခံနေရသည်ဟု သိရသည်။
စစ်တွေတွင် ရေတွင်းလမ်းမှ လမ်းမကြီးအထိတစ်လမ်း၊ လမ်းမကြီးမှ ကမ်းနားလမ်းအထိတစ်လမ်းနှင့် ကမ်းနားလမ်းမှ ကုန်သည်လမ်းအထိတစ်လမ်း၊ စုစုပေါင်း ၃ လမ်းကို အစိုးရက တစ်လမ်းမောင်းစနစ်အဖြစ်သတ်မှတ်ထားသည်ဟု သိရသည်။
ယင်းသို့သတ်မှတ်ထားမှုကို ယာဉ်ထိန်းရဲများက ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြပြောဆို အသိပညာပေးမှုအားနည်း၍ ယခုနောက်ပိုင်း ဖမ်းဆီးအရေးယူခံနေရသည်ဟု မြို့ခံများက ပြောသည်။
“လူအများသိအောင် လက်ကမ်းစာစောင်လေးတွေနဲ့ အသိပေးမယ်လို့မရှိဘူး။ ဆိုင်ကယ်ကိုမြင်တာနဲ့ ရပ်ဆိုပြီးဖမ်းတယ်။ ပြီးတော့ ဒဏ်ငွေဆောင်ခိုင်းတယ်”ဟု ဖမ်းဆီးအရေးယူခံခဲ့ရသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါတစ်လမ်းမောင်းစနစ်သတ်မှတ်ထားမှုကို သက်ဆိုင်ရာများကလည်း ပြည်သူများကို အသိပညာပေးမှုများပြုလုပ်ပေးသင့်သည်ဟု စစ်တွေမြို့မှ ကိုဘိုအောင်စောက ပြောသည်။
“တစ်လမ်းမောင်းစနစ်ကို မသိတဲ့သူတွေကို သက်ဆိုင်ရာတွေက ဒီလမ်းက ဒီလိုမောင်းဆိုပြီးပြောပြပြီးတော့ လူတွေကလည်း အဲ့ဒါကို စည်းကမ်းတကျလိုက်နာဖို့လိုပါတယ်။ ရခိုင်ပြည်မှာက အသိပညာပေးမှုတွေက အရမ်းနည်းပါတယ်”ဟု ပြောသည်။
တစ်လမ်းမောင်းစနစ်သတ်မှတ်ထားသည့်လမ်းအတွင်း စည်းကမ်းမဲ့ဝင်ရောင်းမောင်းနှင်ပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၉၆ ဖြင့် ဒဏ်ငွေ ကျပ် ၂ သောင်းဒဏ်ရိုက်နေသည်ဟု အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ဒုတပ်ဖွဲ့ခွဲမှူး မြတ်မိုးကျော်သူက နိရဥ္စရာကို ပြောသည်။
“မဝင်ရလမ်းကို ဝင်လာရင်တော့ ဖမ်းတာပဲ။ စည်းကမ်းမလိုက်နာရင် ဒဏ်ငွေ ၂ သောင်းချမှတ်တယ်။ စည်းကမ်းမလိုက်နာသရွေ့တော့ ဆက်လက်အရေးယူဆောင်ရွက်သွားမှာပါ” ဟုပြောသည်။
စစ်တွေတွင် ယာဉ်ကြောပိတ်ဆို့မှုကင်းဝေးစေရန်ဟုဆိုကာ အဆိုပါလမ်း ၃ လမ်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှစ၍ တစ်လမ်းမောင်းစနစ်အဖြစ်သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စတင်သတ်မှတ်ခဲ့ပြီးနောက် အသိပညာပေးမှုများလုပ်ခဲ့သော်လည်း ယခုလ ဇန်နဝါရီ ၁၅ ရက်အထိ စည်းကမ်းလိုက်နာမှုမရှိသည့် ဆိုင်ကယ်နှင့်ကားများကို ဖမ်းဆီးအရေးယူခဲ့သော အမှု ၅ဝ ခန့်ရှိသည်ဟုလည်း ဒုတပ်ဖွဲ့ခွဲမှူး မြတ်မိုးကျော်သူက ဆက်ပြောသည်။
https://www.facebook.com/narinjara.info/posts/5098981546780548