စစ်တပ်၏ ဖမ်းဆီးမှုကိုခံထားရသည့် ကိုတင်ထွန်းအောင်နှင့် အဆက်အသွယ်မရသဖြင့် မိသားစုမှစိုးရိမ်နေ

By Development Media Group (DMG)/ 2022 January 22

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်နှင့် လုံးဝအဆက်အသွယ်မရရှိသေးသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ပလက်ဝရှိ ခြေလျင်တပ်ရင်းအမှတ်(၂၈၅)၏ တောင်ကုန်းပေါ်တွင် အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနကို အင်တာဗျူးဖြေကြားသဖြင့် တခြားအမျိုးသားတစ်ဦးနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရ သည်။

သို့သော် တခြားအမျိုးသားတစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကိုတင်ထွန်းအောင်ကိုမူ ဆက်လက်ဖမ်းဆီးကာ ပလက်ဝမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များထံမှ သိရသည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ပလက်ဝမှတစ်ဆင့် စစ်တွေမြို့သို့ခေါ်ယူထိန်းသိမ်းခဲ့ကာ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ရမန်ယူထားကြောင်းသာသိရပြီး မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရကြောင်း အစ်ကိုဖြစ်သူ ဦးမင်းအောင်က DMG သို့ပြောသည်။

“သူ့အခြေအနေကို ကျွန်တော်တို့လည်း တစ်ခုမှမသိရသေးဘူး။ ဘယ်မှာထိန်းသိမ်းထားလည်းဆိုတာလည်း ဒီနေ့ထိမသိသေးဘူး။ ဒီနေ့နဲ့ဆိုရင် ၂၄ ရက်ရှိပြီ။ ခေါ်သွားတဲ့နေ့တုန်းကလည်း စစ်တွေမှာရောက်နေပြီလို့ပဲသိရတယ်။ ဘယ်နားကိုခေါ်သွားလဲ။ ဘယ်လိုခေါ်သွားလဲဆိုတာကိုလည်းမသိရသေးဘူး”ဟု ၄င်းက ဆိုသည်။

ထိုသို့အဆက်အသွယ်မရသေးသောကြောင့် မိခင်ဖြစ်သူလည်း အလွန်အမင်းစိုးရိမ်ပူပန်နေသဖြင့် အမြန်ဆုံးအဆက်အသွယ်ရစေလိုကြောင်း အစ်ကိုဖြစ်သူ ဦးမင်းအောင်က ဆက်လက်ပြောသည်။

“အချုပ်ထဲမှာဆိုရင် ကျွန်တော်တို့က သူ့အတွက်စားစရာတွေလည်းပို့ပေးလို့ရတာပေါ့။ အခုက ဘယ်နေရာမှာထိန်းသိမ်းထားမှန်းလည်းမသိတော့ သူ့အတွက် နေ့စဉ်နဲ့အမျှစိုးရိမ်ပြီး စိတ်ပူပန်နေရပါတယ်။ ကျနော့်အမေဆိုရင်လည်း အလူးအလဲခံစားနေရပါတယ်။ အိမ်မှာကကျနော်၊ သူရယ်၊ အမေ သုံးယောက်ပဲရှိတာပါ”ဟု ၄င်းကပြောသည်။

အလားတူ ပလက်ဝစစ်တပ်စခန်းတွင် အလံဖြူထောင်သည့် သတင်းကိုရေးသားမှုကြောင့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကို စစ်တပ်မှ ဗိုလ်မှူးဘုန်းမြင့်ကျော်က အရေးယူပေးရန် စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟုသိရသည်။ ထို့ကြောင့် ယင်းသတင်းဌာနမှ ဝန်ထမ်းများသည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

https://www.facebook.com/dmgnewsagency/posts/2208211552664577

Leave a Reply

Your email address will not be published.