By Western News/ 2022 January 18
စစ်တပ်က ဖမ်းဆီးပြီးနောက် နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင် အား လက်ရှိအချိန်အထိ မိသားစုများနှင့် အဆက်အသွယ်မရရှိသည်ပေါ် စိုးရိမ်နေကြသည်။
ကိုတင်ထွန်းအား ပလဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားသည်ကို Western News သတင်းဌာနတွင် အင်တာဗျူးဖြေကြားသောကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့ညနေပိုင်းက ရဲနှင့် စစ်တပ်ကဖမ်းဆီးခဲ့ပြီး ယနေတိုင်ထိ မိသားစုနှင့် တွေခွင့် မရသေးဘဲ မိသားစုဝင်များက စိုးရိမ်မှုရှိနေကြသည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသလို သူ့ကိုလည်း စစ်တပ်ကနေ ရဲစခန်းသို့လွှဲပြောင်းပေးစေချင်သည်ဟု အစ်ကိုဖြစ်သူ ကိုမင်းအောင်က Western News ကိုပြောသည်။
“ ကျွန်တော်တို့ သူ့ကိုဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို ဇန်နဝါရီ ၁၂ ရက်နေ့ကတည်းက သတင်းမရတော့ဘူး။ ဘယ်လိုမှလည်း အဆက်သွယ်မရဘူး။ သူအတွက် စိုးရိမ်းမှုတွေကတော်တော်လည်းကိုရှိတယ်။ ရဲစခန်းမှာရှိရင်တောင် ကျွန်တော်တို့အဆင်ပြေနိုင်သေးတယ်။ အချုပ်ထဲမှာရော ထောင်ထဲမှာရောရှိရင်လည်း အဆင်ပြေနိုင်သေးတယ်။ တရားရုံးတက်နေရရင်လည်းအဆင်ပြေနိုင်သေးတယ်။ အခုက စစ်တပ်လက်ထဲမှာဆိုတော့ သူကို သတ်နေလား၊ နှိပ်စက်နေလားဆိုတာလည်း ကျွန်တော်တို့မသိရတော့ တော်တော်လည်းကိုစိုးရိမ်မှုရှိတယ်။ သူအဆင်ပြေနိုင်အောင်အတွက် ကျွန်တော်တို့မိသားစုတွေမှာ သူကိုရွယ်ရည်ပြီးတော့ အလှူဒါန်းတွေပဲလုပ်နေကြရတယ်။ ကျွန်တော်တို့ တောင်းဆိုချင်တာက သူတို့ စစ်တပ်ကနေ ရဲစခန်းသို့ လွှဲပြောင်းပေးစေချင်တယ်”ဟုပြောသည်။
ကိုတင်ထွန်းအောင်အား ဒီဇင်ဘာ ၂၈ ရက်နေ့ညနေပိုင်းက ဖမ်းဆီးပြီး ပလက်ဝ ၂၈၉ တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ကာ ဇန်နဝါရီ ၉ ရက်နေညနေပိုင်းက ပလက်ဝမှ စစ်တွေသို့ စစ်တပ်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားပြီး စစ်တွေမြို့ စစ်တပ်တစ်ခုမှ ဇန်နဝါရီလ ၁၂ ရက်နေ့နံနက်ပိုင်းက စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ( စရဖ)မှ ခေါ်သွားခဲ့သည်။
လက်ရှိတွင် ၎င်းအား မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိရပေ။ လက်ရှိတွင် ကိုတင်ထွန်းအောင်အား ဇန်နဝါရီ ၂၇ ရက်အထိထပ်မံရမန်ယူထားသည်ဟု ပလက်ဝ တရားရုံးမှတစ်ဆင့်သိရသည်ဟု မိသားစုဝင်များကပြောသည်။
ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုတင်ထွန်းအောင်နှင့် စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် ရုပ်ဝကျေးရွာမှ ဦးတင်ဦးတို့အား အလံဖြူထောင်သည့် ကိစ္စအား Western News ကိုအင်တာဗျူးဖြေကြားသည့်အတွက် ဒီဇင်ဘာ ၂၈ ရက်နေ့က ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့သည်။
ယင်းဆီးခံရသူထဲမှ ဦးတင်ဦးအား ဝန်ခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကိုတင်ထွန်းအောင်ကို ပလက်ဝမြို့မ ရဲစခန်းတွင် နိုင်ငံတော်အကြည်ညို့ ပျက်စေမှု ၅၀၅(က)ဖြင့်အမှုဖွင့်ထားခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/449127776893732