By Development Media Group (DMG)/ 2022 January 24
မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်ကို စစ်တွေမြို့မှတစ်ဆင့် ပလက်ဝမြို့နယ်ရဲစခန်းသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၂၃ ရက်နေ့) ညနေပိုင်းက ကိုတင်ထွန်းအောင်ကို ယင်းသို့ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။
ပလက်ဝမြို့ရှိ စစ်တပ်စခန်းတစ်ခုတွင် အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနတွင် အင်တာဗျူးဖြေကြားခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကိုတင်ထွန်းအောင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ၎င်းကို စစ်တွေမြို့သို့ခေါ်ယူစစ်ဆေးခဲ့ပြီး ယမန်နေ့တွင် ပလက်ဝမြို့ရဲစခန်းသို့ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု ၄င်း၏အစ်ကိုဖြစ်သူ ဦးမင်းအောင်က ပြောသည်။
“မနေ့က ပလက်ဝရဲစခန်းကိုရောက်နေပါပြီ။ ည ၈ နာရီကျော်လောက်မှာ ရဲတွေက ကျွန်တော်တို့ကိုလာမေးပါတယ်။ သူ့အတွက် ထမင်းတွေတောင်းပါတယ်။ တင်ထွန်းအောင် ထမင်းမစားရသေးဘူးဆိုလို့ ည ၈ နာရီလောက်မှာ ထမင်းဘူးတွေအမြန်လုပ်ပေးလိုက်ရပါတယ်။ သူနဲ့တော့မတွေ့ရသေးပါဘူး။ တွေ့ခွင့်တောင်းနေတုန်းပါ”ဟု ၄င်းကပြောသည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်ကို ဇန်နဝါရီလ ၂၇ ရက်နေ့အထိချုပ်ရမန်ယူထားပြီး မည်ကဲ့သို့ဖြစ်လာမည်ကို အတိအကျမသိသေးကြောင်းနှင့် အမှုကိုလိုက်ပါဆောင်ရွက်ရန်အတွက် စစ်တွေနှင့် ကျောက်တော်ရှိ ရှေ့နေများထံအကူအညီတောင်းထားသည်ဟု ဦးမင်းအောင်က ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ကိုယ့်ပလက်ဝရဲစခန်းကိုရောက်လာတော့ ကျွန်တော်တို့ နည်းနည်းစိတ်အေးတာပေါ့။ အမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမသိသေးဘူး။ ကျယ်ကျယ်ပြန့်ပြန့်လည်းမသိသေးဘူး။ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာလည်း မသိသေးဘူး။ ပြောမယ်ဆိုရင်တော့ နှစ်ယောက်ဖမ်းတဲ့အထဲက တစ်ယောက်လွတ်ပြီး သူပဲကျန်ခဲ့တယ်ပေါ့။ နှစ်ယောက်စလုံးကလွတ်သင့်တယ်။ ဖမ်းတာတော့ နှစ်ယောက်စလုံးဖမ်းတယ်။ နှစ်ယောက်စလုံးပြောခဲ့တာတွေလည်း အမှားမပါဘူး”ဟု ၄င်းက DMG သို့ပြောသည်။
စစ်တပ်စခန်းတွင် အလံဖြူထောင်ထားသည်ဟု Western News သတင်းဌာနကို ကိုတင်ထွန်းအောင်နှင့် တခြားအမျိုးသားတစ်ဦးတို့က အင်တာဗျူးဖြေဆိုခဲ့သဖြင့် နှစ်ဦးစလုံးကိုစစ်တပ်ကဖမ်းဆီးခဲ့သည်။ သို့သော် တခြားအမျိုးသားတစ်ဦးကိုမူ ပြန်လည်လွှတ်ပေးခဲ့သည်။
အလားတူ ပလက်ဝစစ်တပ်စခန်းတွင် အလံဖြူထောင်သည့် သတင်းကိုရေးသားမှုကြောင့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း အရေးယူပေးရန် စစ်တပ်မှ ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟုသိရသည်။ ထို့ကြောင့် ယင်းသတင်းဌာနမှဝန်ထမ်းများသည် လက်ရှိတွင်ထွက်ပြေးတိမ်းရှောင်နေကြရသည်။
https://www.facebook.com/dmgnewsagency/posts/2209528239199575