စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့နယ်တွင် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရ

By Development Media Group (DMG)/ 2022 January 17

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပေါင်းတုပ်ရွာသစ်(ပလုံတော ကျေးရွာ)တွင် ယနေ့(ဇန်နဝါရီ ၁၇ ရက်) နေ့လယ် ၁၂ နာရီခွဲအချိန်က စစ်ကျန်လက်နက်တစ်ခုပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၈ နှစ်အရွယ် မောင်မာမတ်ဂျူနိုင်တွင် ဝမ်းဗိုက်၌ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်(၉)နှစ်အရွယ် မောင်နိုရ်ဟာရှိမ်မှာ ခြေနှစ်ဖက်လုံးတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ပေါင်းတုပ်ရွာမှ ရာအိမ်မှူးတစ်ဦးဖြစ်သည့် ဦးဒေါယာက DMG ကို ပြောသည်။

“သူတို့နှစ်ယောက်က လယ်ပြင်ကနေဗုံးသီးလေးလို အလုံးတစ်လုံးကို အိမ်ကိုကောက်ယူခဲ့တယ်။ အဲဒီမှာထုပြီးတော့ ဆော့ကစားရာကနေ ပေါက်ကွဲသွားတာပါ။ တစ်ယောက်မှာတော့ ဝမ်းမှာ အအူလား၊အဆီလားမသိဘူး ထွက်သွားတယ်။ အိမ်မှာလည်း ထရံလည်းပါသွားတယ်“ဟု ဆိုသည်။

လက်ရှိမှာ ဒဏ်ရာရရှ်သည့်ကလေးငယ်နှစ်ဦးကို မြောင်းဘွေဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ရဲတပ်ဖွဲ့ဝင်နှင့်စစ်သားစုစုပေါင်း ၆ ယောက်ခန့် လာရောက်စစ်ဆေးနေသည်ဟုလည်း ပြောဆိုသည်။

မောင်နိုရ်ဟာရှိမ်၏ ဖခင် ဦးစော်ယာနိုက “ကျနော့်သားမှာ ခြေထောက် ဟိုဖက်ဒီဖက်ပေါက်သွားတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ ဒီလိုဖြစ်သွားတော့ အဖေတစ်ယောက်အနေနဲ့ စိတ်မကောင်းပါဘူး။ ခြေထောက်မသန်စွမ်းဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ ဒဏ်ရာမသက်သာရင်တော့ မြောက်ဦးဆေးရုံကိုဆက်ပြီးတော့သွားမှာပါ“ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်နှစ်တာကာလအတွင်း မြေမြုပ်မှိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၁၀၀ ကျော်နှင့် သေဆုံးသူ ၇၀ ဦးခန့်ရှိခဲ့သည်။

လက်ရှိတွင် စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများရှိသော်လည်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်အပြင် အခြားအခက်အခဲများကိုကိုစိုးရိမ်၍ စစ်ဘေးရှောင်ရှစ်သောင်းကျော်မှာ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2204508029701596

Leave a Reply

Your email address will not be published.