စက်သုံးဆီစျေးမြင့်တက်မှုနှင့် ဝယ်လိုအားနည်းမှုတို့ကြောင့် ရခိုင်ငါးဖမ်းလုပ်ငန်း အရှုံးပေါ်နေ

By Narinjara/ 2022 January 10

အေးမြတ်ခိုင်

စက်သုံးဆီစျေးနှုန်းမြင့်တက်မှုနှင့် ဝယ်လိုအားနည်းမှုတို့ကြောင့် ရခိုင်မှ ငါးဖမ်းလုပ်ငန်းသည် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပင်လယ်ပြင်တွင် ယခင်ကကဲ့သို့ ငါးရှာမရဖြစ်နေရသည့်အထဲ ဆီစျေးနှုန်းမြင့်တက်ပြီး အလုပ်သမားခများလည်း တစ်နေ့ထက် တစ်နေ့ မြင့်တက်နေသည့်အတွက် ငါးလုပ်ငန်းရှင်များတွင် အမြတ်မရှိဘဲ အရှုံးပေါ်နေရသည်ဟု ငါးဖမ်းစက်လှေပိုင်ရှင် ဦးစိုးမင်းသူက နိရဥ္စရာကသတင်းဌာနသို့ ပြောသည်။

“ဒီနှစ်အခြေနေက အရှုံးပေါ်ပါတယ်။ ဘယ်လိုလုပ်နေရလဲဆိုတော့ ကမ်းနီးအလုပ်ကလေးတွေလုပ်တယ်။ တချို့ကျတော့လည်း ဘုတ်(ငါးဖမ်းလှေ)တွေကို ထိုးတင်ထားရတယ်။ နားထားရတယ်။ တချို့ကျတော့လည်း မလုပ်တော့ဘူးဆိုပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းတွေရောင်းချပြီး ဘုတ်ကို ဒိုင်အပ်ပြီး ငွေပြန်ပေးတဲ့လူမျိုးတွေပေါ့။ ပြေလည်အောင်တော့ ဒီလိုပဲဖြေရှင်းနေရတာပါပဲ”ဟု ပြောသည်။

တစ်ဘက်တွင်လည်း စီးပွားရေးကျပ်တည်းမှုနှင့် ကုန်စျေးနှုန်းမြင့်မားမှုတို့ကြောင့် ငါးဝယ်ယူစားသုံးသူနည်းပါးလာကြောင်း ဦးစိုးမင်းသူက ဆက်ပြောသည်။

“ကုန်စျေးနှုန်းတွေတက်ပြီးတော့ တော်ရုံလူတွေက ဖြစ်သလိုပေါ့။ အရင်ကတော့ ကြိုက်လို့စားတာပဲ။ အခုက ကြိုက်လို့စားလို့မရတော့ဘူးလေ။ အလုပ်တွေကလည်း ပုံမှန်လည်ပတ်မှုမရှိတဲ့အခါကျတော့ မဖြစ်သာလို့စားရတဲ့အနေအထားဖြစ်နေတော့ ရောင်းဝယ်မှုကလည်းအဆင်မပြေတော့ဘူးလေ”ဟု ပြောသည်။

ယခင် ငါးပိဿာ ၃၀ ပါ ပုံး ၁ ပုံးကို တန်ဆာခ ကျပ် ၁၂,၀၀၀ ခန့်သာပေးရသော်လည်း ယခုအခါ ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိပေးနေရ၍ ရန်ကုန်၊ ဘူးသီးတောင်နှင့် မောင်တောသို့လည်း မတင်ပို့နိုင်ဘဲ ကြုံရာစျေးဖြင့်သာ စျေးကွက်တွင်ရောင်းချနေရကြောင်း ငါးဖမ်းသမားများက ပြောသည်။

စစ်တွေမြို့၊ ကျေးတောရွာမမှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးမောင်သန်းယဉ်က “ငါးဖမ်းသမားတွေကလည်း များလာတယ်။ နယ်ဘက်ကလူတွေက လာမဝယ်နိုင်တော့ ထင်သလောက်စျေးကွက်မရဘူး”ဟု ပြောသည်။

ရခိုင်မှထွက်ရှိသည့်ငါးများကို ရခိုင်ပြည်နယ်စျေးကွက်အပြင် ရန်ကုန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ကြီးများနှင့် ဘူးသီးတောင်၊ မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။

ယင်းသို့တင်ပို့ရာတွင်လည်း သယ်ယူစရိတ်နှင့် အလုပ်သမားစရိတ်မြင့်မားမှုတို့ကြောင့် ငါးလုပ်ငန်းရှင်များတွင် အရှုံးပေါ်နေသည်ဟု သိရသည်။

ငါးလုပ်ငန်းသည် ရခိုင်ဒေသ၏ဒုတိယ စီးပွားရေး လုပ်ငန်းဖြစ်ပြီး ယခုကဲ့သို့ ငါးလုပ်ငန်း အရှုံးပေါ်နေ၍ ရခိုင့်စီးပွားရေးကိုလည်း ထိခိုက်မှုရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် နှစ်ချုပ်မလုပ်ရသေး၍ ငါးလုပ်ငန်းရှင်များ၌ အရှုံးပေါ်/မပေါ်ဆိုသည်ကို ပြော၍မရသေးဟု ယင်းဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးသက်ဦးက နိရ ဉ္စရာကိုပြောသည်။

https://www.facebook.com/narinjara.info/posts/5080818308596872

Leave a Reply

Your email address will not be published.