စက်သုံးဆီစျေးနှုန်းနှင့် ရွှေစျေးနှုန်းများတဖန်ပြန်လည်မြင့်တက်လာနေ

By Western News/ 2022 January 24

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာ လခန့်က စျေးကျသွားသည့် စက်သုံးဆီနှင့် ရွှေစျေးနှုန်းများမှာ ယခုနှစ် ၂၀၂၂ခု နှစ် ဇန်နဝါရီလတွင် စျေးနှုန်းများ တဖန်ပြန်လည်မြင့်တက်လာနေသည်ဟု ရောင်းဝယ်သူများကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ရွှေစျေးနှုန်းများမှာ စျေးမငြိမ်သော်လည်း အခေါက်ရွှေ ၁ကျပ် သားလျှင် ၁၇သိန်းနှင့် ၁၈သိန်းကြားထဲတွင်သာရှိနေခဲ့သည်။အလားတူပင် စက်သုံးဆီစျေးနှုန်းမှာလည်း နိုင်တီတူး၊ နိုင်တီဖိုက်၊ ပရီမီယမ်၊ ပရီမီယမ် ဒီဇယ် စသည့်အမျိုးအစား အလိုက် ၁လီတာလျှင် ၁၃၀၀ကျပ် ဝန်းကျင်မှ ၁၄၀၀ကျပ်ဝန်းကျင်ထိသာရှိနေခဲ့သည်။

စျေးပြန်ကျနေပြီဖြစ်သည့် စက်သုံးဆီနှင့် ဒီဇယ်ဆီစျေးနှုန်းများမှာ ပြီးခဲ့သည့် ဒီဇင်ဘာ လလယ်လောက်မှ စတင်ကာ ယခု ဇန်နဝါရီလအထိ တဖြည်းဖြည်းမြင့်တက်လာနေပြီး လက်ရှိတွင် အခေါက်ရွှေ ၁၆ပဲရည် ၁ကျပ်သားကို ၁၈သိန်း ၈သောင်းကျပ်အထိ တဖန်ပြန်လည်မြင့်တက်လာနေသလို စက်သုံးဆီစျေးနှုန်းများမှာလည်း ပုံမှန်ထက် ၂၀၀ကျပ်ဝန်းကျင်ခန့် ပြန်လည်မြင့်တက်လာနေခြင်းဖြစ်သည်။

စက်သုံးဆီဆိုင်ကြီးများတွင် နိုင်တီတူး(92) တစ်လီတာလျှင် ၁၆၀၀ကျပ်၊ နိုင်တီဖိုင်း(95) တစ်လီတာလျှင် ၁၇၀၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၁၅၉၀နှင့် ပရီမီယမ် ဒီဇယ် တစ်လီတာကို ၁၅၉၅ကျပ်အထိ စျေးနှုန်းများရှိနေသည်ဟု ဆီအရောင်းဆိုင်ကြီးများမှသိရသည်။

စက်သုံးဆီစျေး စျေးပြန်တက်၍အပြင်စျေး ၁၇၀၀ကျပ်ဖြင့်ရောင်းချနေရသည်ဟု စစ်တွေမြို့ မီးစက်ကြီးခွဆုံ အနီးမှ စက်သုံးဆီရောင်းချနေသူတစ်ဦးကပြောသည်။

“နိုင်တီဖိုင်းက အများဆုံးအသုံးပြုကြတာဆိုတော့ အဓိကရောင်းရတာက နိုင်တီတူးပေါ့။ ဆီဆိုင်ကြီးတွေက တစ် လီတာကို ၁၆၀၀ကျပ်ပေးရပြီး ကျွန်တော်တို့လို တဆင့်ခံ ရောင်းတဲ့ ဆိုင်တွေက ၁၇၀၀ကျပ်လောက် နည်း နည်းတင်ပြီး ရောင်းရတာပေါ့။ ဟိုတစ်ခေါက်တုန်းက ၁၅၀၀နဲ့ပဲရောင်းခဲ့တာ။ စျေးပြန်တက်လာတာ ၂ပတ်နီးပါး လောက်တော့ ရှိနေပြီ။ ဘာလို့စျေးတက်လည်းတော့ မသိဘူး။ သူတို့ပြောတဲ့စျေးတိုင်းပဲ တက်လိုက်ကျလိုက်ပေါ့” ဟုဆိုသည်။

မြို့ပေါ်မှ ဆီအရောင်းဆိုင်ကြီးနှင့် နီးစပ်သည့် ဆီဆိုင်များတွင် ၁၇၀၀ကျပ်ခန့်သာရှိသော်လည်း မြို့နှင့်အနည်းငယ် အလှမ်းဝေးသည့် နေရာများတွင် နိုင်တီတူး ၁လီတာကို ၂၀၀၀ကျပ်ထိစျေးမြင့်နေ၍ အလုပ်လုပ်ရာတွင် လုံးဝတွ က်ခြေမကိုင်နိုင်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဘေးတွဲသုံးဘီးမောင်းနှင်သူ ကိုအောင်ငြိမ်းကပြောသည်။

“မြို့ပေါ်မှာ ၁၅၀၀ဆိုရင် ဒီမှာ ၁၇၀၀လောက်ရှိတယ်။ ခုက မြို့ပေါ်မှာတောင် ၁၇၀၀ထိစျေးပြန်တက်လာတော့ ကျွန်တော်တို့ ဖက်မှာ နိုင်တီတူး ၁လီတာကို ၂၀၀၀ထိစျေးတက်နေပါတယ်။ ဆီတစ်လီတာကို ၂၀၀၀ ထိစျေး တက်ပေမယ့် ခရီးသည်စျေးမြှင့်လိုက်ရင်လည်း စီးသူနည်းသွားမယ်။ ကျွန်တော်တို့မှာ ခုလို စျေးနှုန်းတွေပြန် တက်နေရင် မိသားစုစားဝတ်နေရေးအတွက် လုံးဝအဆင်မပြေပါဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ်အတွင်းက စက်သုံးဆီစျေးနှုန်းများမှာ အမျိုးအစားအလိုက် တစ်လီတာလျှင် အမြင့်ဆုံးစျေး ၁၀၀၀ကျပ်ဝန်းကျင်ထိသာရှိခဲ့သည်။ ၂၀၂၁ခုနှစ်မှစကာ နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် ရခိုင်ပြည်နယ်တွင် အောက်တိုဘာလအတွင်းကစက် သုံးဆီစျေးနှုန်းများမှာ နိုင်တီတူး ၁လီတာလျှင် ၂၂၀၀ကျပ်ထိစျေးအများဆုံး မြင့် တက်ခဲ့သည်။

ယင်းပြင် ရွှေစျေးနှုန်းများမှာလည်း ယခင်နှစ်များက ၁၃သိန်းကျပ်ဖြင့် စျေးအမြင့်ဆုံးရှိခဲ့ရာမှ ၂၀၂၁ခုနှစ် အောက် တိုဘာလတွင် ရွှေတစ်ကျပ်သားကို ၂၂သိန်း ၈သောင်းကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ယင်းသို့ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် စျေးအနည်းငယ်ပြန်ကျသွားသော်လည်း လက်ရှိတွင် တစ်ဖန်ပြန်လည် စျေးနှုန်းများပြန်လည်မြင့်တက်လာနေခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/452665916539918

Leave a Reply

Your email address will not be published.