ကျောက်ဖြူ ပြည်လုံးချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတွင် ရခိုင်ရိုးရာလှေပြိုင်ပွဲနှင့် ကျင်ပွဲကို ထည့်သွင်းကျင်းပနေ

By Narinjara/ 2022 January 18

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပြည်လုံးချမ်းသာစေတီတော်ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ရခိုင်ရိုးရာ လှေလှော်ပြိုင်ပွွဲနှင့် ကျင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပနေကြောင်း သိရသည်။

ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ (၂၅)ကြိမ်မြောက် ပြည်လုံးချမ်းသာ အလိုတော်ပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ (၄)ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်သည်ဟု ငလပွေ့ရပ်ကွက်မှ ဦးမောင်ကြီးက နိရဥ္စရာကို ပြောသည်။

“အရင်နှစ်တွေက မကျင်းပရတော့ ဒီနှစ်မှာကျင်းပရတာ တကယ်ပီတိဖြစ်မိတယ်။ လူတွေက ပွဲငတ်နေတာကြာပြီဆိုတော့ လူတွေအများကြီး လာရောက်အားပေးကြတယ်”ဟု ပြောသည်။

အဆိုပါဘုရားပွဲတွင် ရခိုင်ရိုးရာ လှေလှော်ပြိုင်နှင့် ရိုးရာကျင်ပွဲများအပါအဝင် ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ဂိမ်းပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲနှင့် အခြားပျော်ပွဲရှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပနေပြီး လူပေါင်းထောင်နှင့်ချီ လာရောက်ကြည့်ရှုနေသည်ဟု ဒေသခံများက ပြောသည်။

လှေလှော်ပြိုင်ပွဲတွင် ကျောက်ဖြူမြို့မှ အသင်း ၁၅ သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိသည်ဟု ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ပထမဆုကို ကျပ် ၅ သိန်း၊ ဒုတိယဆုကို ကျပ် ၄ သိန်းနှင့် တတိယဆုကို ကျပ် ၃ သိန်းချီးမြှင့်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် ဒိုင်းလုပွဲကိုကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဒိုင်းလုပွဲတက်ရောက်ရမည့် ငလပွေ့လူငယ်အသင်းမှ ကိုခိုင်ကျော်ခန့်က “ဒီပွဲက ကျောက်ဖြူမှာ ဒီရပ်ကွက်တစ်ခုပဲကျင်းပတာဆိုတော့ လူတွေလည်း စည်ကားပါတယ်။ ပြိုင်ရတဲ့အတွက်လည်း  ဝမ်းသာပါတယ်။ နိုင်အောင်လည်း ကြိုးစားနေပါတယ်”ဟု ပြောသည်။

ပြည်လုံးချမ်းသာအလိုတော်ပြည့်စေတီတော်မြတ်ကို ကျောက်ဖြူမြို့သူမြို့သားများနှင့် အရပ်ဖက်အဖွဲ့အစည်းအချို့က ၁၉၉၆ ခုနှစ်ခန့်က တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5113609795317723

Leave a Reply

Your email address will not be published.