ကျောက်ဖြူမြို့ အဝင်ဆိုင်းဘုတ်နှစ်ခုကို အရောင်ပြောင်းလဲထားမှုအား ဒေသခံများလက်မခံ

By Development Media Group (DMG)/ 2022 January 17

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က ကားလမ်းနှင့် လေယာဉ်ကွင်းရှိ မြို့အဝင်ဆိုင်းဘုတ်နှစ်ခုကို မူလဆေးအရောင်ပြန်ပြောင်းပေးရန် မြို့မိမြို့ဖအဖွဲ့က တောင်းဆိုထားကြောင်းသိရသည်။

ကျောက်ဖြူမြို့အဝင်ဆိုင်းဘုတ်၏ မူလအရောင်မှာ အပြာရောင် အောက်ခံပေါ်တွင် အဖြူရောင်စာလုံးဖြင့် ပုံဖော်ထားသော်လည်း ယခုအချိန်တွင် ယင်းမြို့အဝင်ဆိုင်းဘုတ်နှစ်ခုကို အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်များဖြင့် ဆေးခြယ်ထားသောကြောင့် ဒေသခံများကမနှစ်သက်ဘဲ နဂိုမူလဆိုင်းဘုတ်အရောင်ကိုသာ ပြန်ပြောင်းပေးစေလိုကြောင်း မြို့မိမြို့ဖအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနုက DMG သို့ပြောကြားသည်။

“နဂိုမူလမြို့အဝင်ဆိုင်းဘုတ်အရောင် ပြန်ပြောင်းပေးဖို့ ဒေသခံ လူငယ်တွေက တောင်းဆိုလာတယ်။ ဒါကြောင့် မြို့မိမြို့ဖတစ်ဦးအနေနဲ့ ဒီကိစ္စကိုလုပ်သင့်တယ်လို့ဆုံးဖြတ်ပြီး လူငယ်တွေနဲ့ တိုင်ပင်တယ်။ ပြီးတော့ ခရိုင်နဲ့မြို့နယ်စီမံအုပ်ချုပ်ရေးရယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေဆီကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စာတင်ပြီးတောင်းဆိုထားတယ်”ဟု ၎င်းကဆိုသည်။

ယင်းမြို့အဝင်ဆိုင်းဘုတ်နှစ်ခုမှာ ကျောက်ဖြူမြို့၏ အမှတ်တရ သင်္ကေတဖြစ်သောကြောင့် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် နဂိုမူလဆိုင်းဘုတ်ဆေးအရောင်ကို ပြန်ပြောင်းပေးစေလိုကြောင်း ဒေသခံများထံမှသိရသည်။

“ဆိုင်းဘုတ်အရောင်ကို မြို့သူမြို့သားတွေနဲ့တိုင်ပင်ဆွေးနွေးပြီး အရောင်ပြောင်းလိုက်တာမျိုးလည်း မဟုတ်ဘူး။ သူတို့သဘောကျလုပ်လိုက်တဲ့ ဆိုင်းဘုတ်အရောင်ကိုလည်း ဒေသခံတွေက မနှစ်သက်ဘူး။ နဂိုမူလဆိုင်းဘုတ်အရောင်ကိုပဲ ပြန်လိုချင်ကြတယ်။ ဒါကကျောက်ဖြူမြို့ရဲ့အမှတ်တရသင်္ကေတ တစ်ခုပါ။ ဒါကြောင့်ဆိုင်းဘုတ်အရောင် ပြန်ပြောင်းပေးဖို့တောင်းဆိုရတာ့ပါ”ဟု မြို့အဝင်ဆိုင်းဘုတ်အရောင် ပြန်ပြောင်းပေးရေးဆောင်ရွက်နေသည့်အဖွဲ့တွင်ပါဝင်သူ ကိုစိုးမိုးသူမှပြောသည်။

အဆိုပါတောင်းဆိုချက်နှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့က အကြောင်းပြန်ထားကြောင်း ဒေသခံများထံမှသိရသည်။

ယင်းကိစ္စအား သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုမရှိပါက မြို့သူမြို့သားများ၏ တာဝန်ရှိသူတစ်ဦးအနေဖြင့် မြို့အဝင်ဆိုင်းဘုတ် မူလအရောင်ပြန်လည်ရရှိရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြို့မိမြို့ဖဥက္ကဋ္ဌ ဦးထွန်းနုမှဆိုသည်။

https://www.facebook.com/dmgnewsagency/posts/2204465109705888

Leave a Reply

Your email address will not be published.