ကျောက်တော်တွင် စစ်တပ်နှင့် AA စစ်ရေးတင်းမာနေ

By Irrawaddy/ 2022 January 18

၂၀၁၉ ဧပြီလအတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ် အနောက်ဘက်ခြမ်းရှိ ပီချောင်းဒေသတဝိုက်တွင် အာဏာ သိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) က အဆိုပါ ပီချောင်းဒေသတဝိုက် တည်ရှိသော ဝင်စု (ရခိုင်ရွာ)၊ ဝင်စု (မွတ်ဆလင်ရွာ)၊ ဝါး ကင်းကျေးရွာ၊ ပေစိကျေးရွာများသို့ စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးနိုင်ရေးအတွက် လှုပ်ရှားစစ်ကြောင်းထွက်စဉ် နှစ်ဖက် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ကျေးရွာသားတဦးက “စစ်တပ်က ကျနော်တို့ ပီချောင်းထဲက ကျေးရွာတွေကို မနေ့က လမ်းလျှောက်ပြီး ဝင်လာကြတယ်။ ရွာတွေကလည်း တဆက်တည်းလို ရှိတာဆိုတော့ ပေစိကျေးရွာအထိ သူတို့ စစ်ကြောင်းက ဝင်လာပြီးတော့ ပေစကျေးရွာ အနီးက တောင်ကုန်းတွေကို တက်တယ်။ AA တပ်ဖွဲ့ ရှိတဲ့နေရာနဲ့ တော်တော်နီးနေပြီး တဖက်နဲ့တဖက် မြင်ကြတယ်။ တိုက်ပွဲ ဖြစ်ကြတော့မယ်နဲ့ တူတယ်ဆိုပြီး ရွာတွေကလည်း အကုန်ရှောင်ကြတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အဆိုပါ အခြေအနေကြောင့် ပီချောင်းတလျှောက်တွင် တည်ရှိသော ဒေသခံများသည် ကျောက်တော်မြို့ပေါ် သို့ တိမ်းရှောင်ခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်ဘက်က ရှေ့ဆက်မတိုးသော်လည်း လုံးဝ ပြန်ဆုတ်ခြင်းမရှိဘဲ လက်ရှိ အချိန်တွင် ဝင်စု (ရခိုင်) ဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေထိုင်လျက် ရှိကြောင်း ဝင်စုကျေးရွာမှ ရပ်ရွာလူကြီးတဦးက ပြောသည်။

၎င်းက “AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာနဲ့ မိုင်ဝက်လောက်အကွာကနေ စစ်တပ်က ပြန်ဆုတ်ပြီး ရွာလယ်လမ်းမတွေမှာ လုုံခြုံရေး ချထားပြီး ဝင်စုကျေးရွာ ဘုန်းကြီးကျောင်းမှာ တည်းခိုနေတယ်။ ကျနော်တို့ ရွာသားတွေကလည်း စိုးရိမ်ပြီး မနေ့ကတည်းက ရွာမှာ မနေရဲတော့ဘူး။ သူတို့ ရှေ့တိုးဖို့အတွက် အင်အားတွေ ပြန်စုနေတာလည်း ဖြစ်မယ်ပေါ့။ ရှေ့တိုး ရင်တော့ တိုက်ပွဲကတော့ဖြစ်ဖို့ သေချာတယ်” ဟု ဆိုသည်။

အဆိုပါ နေရာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်မှာ တပ်မ (၄၄) လက်အောက်ခံတပ်နှင့် ကျောက်တော်အခြေစိုက် အမှတ် (၃၇၅) တပ်ရင်းတို့ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ပြီး ကျောက်တော်သကြားစက်ရုံနှင့် မျက်နှာချင်းဆိုင် ကုလားတန်မြစ်ကြောင်းထဲရှိ ပီချောင်းဝတွင်လည်း စစ်ရေယာဉ် ၁ စီး ရပ်တန့်ထားသည်ကိုလည်း တွေ့ရကြောင်း ဒေသခံ များက ပြောသည်။

ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက “ရွာသားတွေ ပြောပြချက်အရတော့ မနေ့ က အဲဒီ ပီချောင်းအနီးတဝ်ိုက်မှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့အတွက် ရွာသားတွေ ကြောက်ပြီး ရှောင်ကြတာ ရှိတယ်။ ဒီနေ့ဆိုရင် မြို့ပေါ်ကို ပုံမှန်အလုပ်လာလုပ်ကြတဲ့ လူတွေလည်း မရောက်ကြတော့ဘူး။ သုံးဘီးသမား၊ နှစ်ဘီးသမားတွေ လည်း အဲဒီဘက်က အလာမရှိဘူး။ ဒီဘက်ကလည်း မသွားကြဘူး” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း ကျောက်တော်မြို့ပေါ်တွင် ရခိုင်အဆိုတော်များ ပါဝင်သည့် တေးဂီတဖြေပျော်ပွဲ ကျင်းပမည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်တပ်က တားမြစ်သည့်အတွက် မြို့ခံလူထုနှင့် စစ်တပ်ကြား တင်းမာမှု ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာ လဆန်းပိုင်းကတည်းက နှစ်ဖက် တ်ိုက်ပွဲများကို ယာယီ ရပ်တန့်ထားခဲ့သော်လည်း အောက်ခြေတွင် နှစ်ဖက်တပ်များ မကြာခဏဆိုသလို စစ်ရေးတင်းမာမှု များ ဖြစ်ပေါ်ကာ ၂၀၂၁ နိုဝင်ဘာလတွင် မောင်တောမြို့နယ် မြောက်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ ပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

https://www.facebook.com/theirrawaddyburmese/posts/5306653046045471

Leave a Reply

Your email address will not be published.