By Western News/ 2022 January 12
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်တရားစွဲခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသားများအမှုအား စစ်တွေခရိုင်တရားရုံးတွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စွဲချက်တင်လိုက်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
ယနေ့ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်လိုက်ပြီး လာမည့် ရုံးချိန်းတွင် တရားခံများအား ဆက်လက်စစ်ဆေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက Western News ကိုပြောသည်။
“ ဒီနေ့ရုံးချိန်းမှာ ကျောက်ဆိပ်ကျေးရွာသားတွေအမှုကို စွဲချက်တင်လိုက်ပါတယ်။ လာမည့် ဇန်နဝါရီလ ၁၉ ရက်နေ့ ရုံးချိန်းမှာတော့ တရားခံတွေကို ဆက်လက်ပြီးစစ်ဆေးသွားမှာပါ။ စွဲချက်တင်တဲ့ ပုဒ်မတွေကတော့ ၅၀(ည)၊ ၅၂(က)တို့နဲ့ တင်လိုက်တာပါ”ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၃၃ ဦးအားပြန်လည်လွှတ်ပေးလိုက်ကာ အမှုတွင်ပါဝင်သည့် ကိုညီညီအောင်၊ ကိုမျိုးလှိုင်ဦး၊ ကိုမောင်ချေ၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်းတို့ ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်အမှုဖွင့်ခံရကာ လက်ရှိတွင်တရားရင်နေကြရဆဲဖြစ်သည်။
အဆိုပါ ကျောင်းဆိပ်ကျေးရွာသားများအားဖမ်းဆီးပြီးနောက် စစ်တပ်ရေယာဉ်တစ်ခုပေါ်တွင် ရိုက်နှက် နှိပ်စက်နေသည့် ဗီဒီယိုဖိုင်တစ်ခု ၂၀၂၀ခုနှစ် မေလ ၁၀ ရက်နေ့က လူမှုကွန်ရက်ပေါ်တွင်တက်လာပြီး ဝေဖန်မှုများရှိခဲ့သလို စစ်တပ်မှလည်း ၎င်းဗီဒီယိုဖိုင်နှင့်ပတ်သက်ကာ ဝန်ခံခဲ့ပြီး ပါဝင်သူများအား အရေးယူသွားမည်ဟုထုတ်ပြန်ခဲ့သည်။
၎င်းတို ၅ ဦးအာ ပုဏ္ဏားကျွန်းမြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ် မေလ ၂၂ ရက်ကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။အဆိုပါ အမှုတွင် လိုပြသက်သေစုစုပေါင်း ၉ ပါဝင်ခဲ့ပြီး တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
အဆိုပါ ကျောက်ဆိပ်ကျေးရွာအား ပြီးခဲ့ ၂၀၂၀ခုနှစ် ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် လူ ၈ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းလက်နက်ကြီးထဲမှ တစ်ခုတွင် ၁၂၀ မမ MK- II ဟုပါရှိပြီး ကျေးရွာသားများက မြန်မာစစ်တပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုကြသော်လည်း စစ်တပ်ဘက်က ယင်းနေ့ညနေက ငြင်းချက်ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီမှ AA နှင့်စပ်ဆက်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ခန့်ကျန်ရှိနေသေးသည်ဟု စာရင်းကောက်ယူနေသည့် အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။