By Western News/ 2022 January 26

သတင်းဌာနကို အင်တာဗျူးဖြေဆိုခဲ့၍ နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ပလက်ဝဒေသခံ ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်း ကိုတင်ထွန်းကျန်းမာရေးမကောင်းဖြစ်နေသည်ဟု မိသားစုဝင်များကပြောသည်။
ကိုတင်ထွန်းအောင် အား ဒီဇင်ဘာ ၂၇ ရက်နေ့က ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင်းအလံဖြူထောင်ထားသည့် ကိစ္စအား Western News သတင်းဌာနကို အင်တာဗျူဖြေဆိုခဲ့၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ညနေက ရဲနှင့် စစ်တပ်မှ ပူးပေါင်းဖမ်းဆီးခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပလက်ဝမြို့မ ရဲစခန်း၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး ပလက်ဝမြို့ ၂၈၉ တပ်ရင်းတွင်းထိန်းသိမ်းထားရာမှ ဇန်နဝါရီလ ၉ ရက်နေ့ညနေက စစ်တပ်ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ဆောင်သွားပြီး ပါဒလိပ်ကျေးရွာအနီးက စစ်တပ်တစ်ခုတွင်ထိန်းသိမ်းထားခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၁၂ ရက်နေ့နံနက်က စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှခေါ်ဆောင်သွားပြီး ၎င်းအား မည့်သည်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိခဲ့ရဘဲ ဇန်နဝါရီလ ၂၃ ရက်နေ့ညနေပိုင်းမှ ပလက်ဝမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု မိသားစုဝင်များအား အကြောင်းကြားလာခဲ့ခြင်းဟု မိသားစုများကပြောသည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနှင့်လည်း တွေခွင့်မရရှိသေးသလို ၎င်းမှာ ဝမ်းအောင့်သည့် ရောဂါအား ခံစားနေရပြီး ဆေးကုခွင့်မရသည့်အတွက်စိုးရိမ်မှုတွေရှိနေသည်ဟု မိသားစုဝင်တစ်ဦးက Western News ကိုပြောသည်။
“ လက်ရှိသူကို ပလက်ဝရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ စစ်တွေက ပြန်ရောက်လာကတည်းက မိသားစုနဲ့ လုံးဝတွေ့ခွင့်မရသေးဘူး။ အခု ဝမ်းအောင့်တဲ့ ရောဂါခံစားနေရတယ်လို့သိရတယ်။ ဒီသတင်းက အတွင်းအရသိရတာပါ။ ပြန်ပဆေးရုံးဆေးခန်းတွေမှာလည်း ဆေးကုခွင့်မရဘူး။ ခန္ခာကိုယ်တွေလည်း ပိန်နေတော့ သူအတွက်စိုးရိမ်မှုတွေရှိနေတယ်။ မနက်ဖြန် ရမန်ပြည့်ပြီးဆိုတော့ သူ့ကိုလွတ်စေချင်တယ်။ သူ့ကိုဆေးကုသပေးဖို့လိုနေတယ်”ဟုပြောသည်။
က်ိုတင်ထွန်းအောင်ကို ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ၎င်း၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ဖို့ ပလက်ဝမြို့ရဲစခန်းကို Western News ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
အဆိုပါ အလံဖြူကိစ္စအား အင်တာဗျူးဖြေဆိုခဲ့၍ ကိုတင်ထွန်းအောင်နှင့်အတူ ရုပ်ဝကျေးရွာမှ စစ်ဘေးရှောင်အရေး ကူညီနေသည့် ဦးတင်ဦးတို့အား ဖမ်းဆီးခဲ့ပြီး ဦးတင်ဦးအား ဝန်ခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။
ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် သတင်းအားဖော်ပြမှုကြောင့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)ဖြင့် စစ်ကောင်စီ စစ်တပ်မှ ဗိုလ်မှူး ဘုန်းမြင့်ကျော်ဆိုသူက စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟု တရာရုံးနှင့်နီးစပ်သည့် အသိုင်းအဝန်းမှသိရသည်။
https://www.facebook.com/westernnewsagency/posts/453787219761121